
ဇန်နဝါရီ ၁၇ ၊ မံစီ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မံစီမြို့အတွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ စစ်ဘေးတိမ်းရှောင်သွားကြတဲ့ ဒေသခံတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (KPDF)များကပြန်လည်ခေါ်ယူနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“တစ်ချို့တွေကတော့ တောထဲမှာနေကြပြီးကျန်နေတဲ့သူတွေလည်းကျန်တယ်လေ နည်းနည်းပါးပါးပေါ့ အဲ့လိုလူတွေကျပြန်ဝင်မှာပဲလေ နဂိုမံစီမြို့အနီးအနားလေးမှာနေထားတဲ့သူတွေလည်းရှိတာကိုး ပြီးရင်တစ်ချို့ကျ မြို့အစွန်ဘက်လေးတွေမှာ နေထားတဲ့သူတွေလည်းရှိထားတယ်လေ ဒါတွေပဲပြန်ဝင်ကြတာပေါ့’ဟု မန္တလေးမြို့မှာ စစ်ဘေးတိမ်းရှောင်နေသူ မံစီဒေသခံတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြပါတယ်။
ဒီလိုပြန်လည်နေထိုင်ဖို့ ပြောဆိုမှုထဲ မံစီမြို့အနီးပတ်ဝန်းကျင်နဲ့ ကျေးရွာတွေအတွင်း ရှောင်တိမ်းနေတဲ့မြို့ခံအနည်းငယ်များသာ ပြန်လည်ဝင်ရောက်နေထိုင်ခြင်းရှိကြပြီး မန္တလေး၊ရန်ကုန်တို့လို အဝေးတိမ်းရှောင်နေသူတွေကတော့ ပြန်လည်နေထိုင်လာခြင်းမရှိကြသေးလို့ သိရပါတယ်။
ဒါ့အပြင် နေရပ်ပြန်လည်ဝင်ရောက်လာသူအများစုက တော်လှန်ရေးတပ်ဖွဲ့များရဲ့ ဆွေမျိုးနီးစပ်များသာဖြစ်ကြောင်း မံစီဒေသခံများက ဆိုကြပါတယ်။
“သူတို့ မြို့ကိုသိမ်းထားတဲ့အချိန်ကတည်းက အကုန်လုံးကိုမောင်းထုတ်ထားတာလေ အရပ်သားတွေကမနေရဘူးလေ နေရတဲ့သူတွေက သူတို့နဲ့ဆက်စပ်ပြီးအလုပ်လုပ်ပေးတဲ့သူတွေပဲ နေလို့ရတာလေ အခုသူတို့သိမ်းသွားပြီးမှတော့ တိုက်ပွဲကဖြစ်စရာတော့မရှိတော့ဘူးပေါ့လေ လေယာဉ်ဗုံးချရင်ချဒါပဲ စိတ်ပူနေရတာပေါ့” ဟု သူကဆက်ပြောပြပါတယ်။
မံစီမြို့နဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလအစပိုင်းကနေ တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၈)ရက်နေ့က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုလိုဒေသခံတွေကို ပြန်လည်ခေါ်ယူနေတာပဲဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပင် မံစီမြို့နဲ့ (၁၀)မိုင်ခန့်ကွာဝေးတဲ့ ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကိုလည်း ၎င်းတို့ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံများစစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။