မြစ်ကြီးနားမြို့ပစ်ခတ်မှုနဲ့ခိုးဆိုးလုယက်မှုတိုးများလာပြီးနောက်  ညမထွက်ရအမိန့်ထုတ်ထား 

ဩဂုတ် ၁၁ ၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့မှာ ရဲစခန်းအနီးပစ်ခတ်မှုများနဲ့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယက်မှုတွေကြောင့် ည မထွက်ရအမိန့်နဲ့  လူ(၅) ဦးထက်ပိုမစုရတဲ့ အမိန့်တစ်ရပ်ကို ဩဂုတ်လ (၈) ရက်နေ့ကစပြီး ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ 

အများပြည်သူရဲ့ လုံခြုံရေးအတွက်လို့ဆိုပြီး လမ်းမကြီးတွေ ၊ အများပြည်သူပိုင်လမ်း ၊ လမ်းသွယ်လမ်းကြား နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ (၅) ဦးနဲ့အထက်စုဝေးခွင့်ကန့်သတ်တဲ့အပြင် ည (၁၀) နာရီကနေ မနက် ၄ နာရီ ညမထွက်ရအမိန့်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တာပါ။ 

“ ဒီတလော အရှုပ်အယှက်တွေကြားလာလို့ထင်တယ်။ ၈ ရက်နေ့ကစပြန်ထုတ်တာ။ ခိုးဆိုးလုနှိုက်မှုတွေပေါ့နော့်၊ ပစ်ခတ်မှုတွေလည်းရှိသွားတာပေါ့၊ ဂျပန်တံတားမှာရယ်၊ ပလနရဲစခန်းမှာရယ် ပစ်ခတ်မှုရှိသွားတာပေါ့။မနေ့ကတောင်မှ အစိုးရအဖွဲ့ရုံးဘေးနားမှာ ဖုန်းလုတယ်ဆိုပြီး နှစ်ယောက်တော့ ဖမ်းမိတယ်။ လုတာယက်တာတွေတအားများနေတာ” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပြပါတယ်။ 

မြစ်ကြီးနားမြို့နယ်မှာ ဩဂုတ်လ ၆ ရက်နေ့မှာ ပနလ ရဲစခန်းမှာပစ်ခတ်မှုဖြစ်ပွားကာ လုံခြုံရေးတွေတင်းကြပ်ထားပြီးနောက် အခုလိုထုတ်ပြန်တာလည်းဖြစ်ပါတယ်။ 

မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေကလည်းနေ့စဉ်နီးပါးဖြစ်ပေါ်နေသလို အမျိုးသမီးတွေအတွက်ပါ အန္တရာယ်ရှိလာတဲ့အနေအထားလို့ ပြောဆိုကြပါတယ်။ 

“  ဆိုင်ကယ်နဲ့ဆိုရင် မလုံခြုံတာပေါ့၊ အမျိုးသမီးတွေဆို အထူးဂရုစိုက်ပြီးသွားလာနေရတဲ့အနေအထားရှိတာပေါ့”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဩဂုတ်လ ၁၀ ရက်နေ့က ဗန်းမော်မြို့ စုပေါင်းရုံးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မြစ်ကြီးနားမြို့က ရဲစခန်း ၊ တရားရုံးနဲ့ ထွေအုပ်ရုံးတွေကိုလည်း ယခင်ထက်ပိုလုံခြုံရေးချထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

မြစ်ကြီးနားမြို့မှာ ဇူလိုင်နဲ့ ဩဂုတ်ဆန်းပိုင်းအတွင်းမှာ သတ်ဖြတ်ခံရမှု ၊ ဆိုင်ကယ်လုယက်ခံရမှုတွေနဲ့ လုယက်ခံရမှုကြောင့် အသက်သေဆုံးမှုတွေကလည်း မကြာခဏရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *