မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းများတွင် ထောက်ပံ့မှုအားလုံးရပ်ဆိုင်းလုဖြစ်နေ 

မတ် ၂၇ ၊ မြစ်ကြီးနား 

မြစ်ကြီးနားမြို့သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ စစ်ဘေးရှောင်များကို လက်ခံထားတဲ့ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းတွေမှာ  ထောက်ပံ့မှုတွေ ရပ်ဆိုင်းလုအခြေအနေတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ဘေးရှောင်စခန်းတွေကို ရှမ်းအရပ်ဘက်အဖွဲ့အစည်းများနဲ့ အန်ဂျီအိုများက ထောက်ပံ့ပေးနေတာဖြစ်ပြီး မတ်လကစလို့ အန်ဂျီအိုတွေရဲ့ ထောက်ပံ့မှုတွေက စတင်ရပ်နားတော့မှာဖြစ်တယ်လို့ ထိုစခန်းတွေရဲ့ တာဝန်ခံက ရှမ်းနီအသံကိုပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ကြေးကတော့ မရသေးဘူး။ စာရင်းတွေကောက်ထားတယ်. ပေးထားပြီးပြီ မရောက်သေးတာလေ။ လောလောဆယ်ကတော့ ဂရုဏာအသင်းနဲ့  အန်ဂျီအိုအဖွဲ့အစည်းလေးတွေကလှူဒါန်းမှုရှိတာပေါ့။ သို့ေသာ်လည်း အခုလောလောဆယ်က ၃ လပိုင်း  ၇ ရက်နေ့က စာထွက်တယ်။ အန်ဂျီအိုလုပ်ငန်းတွေ ထောက်ပံ့မှုရပ်ဆိုင်းပါမယ်ဆိုပြီး စာထွက်လာတာပေါ့။ စစ်ဘေးရှောင်တွေအတွက် အကြပ်ရိုက်သွားတာပေါ့။ စစ်ဘေးရှောင်တွေက ထောက်ပံ့မှုတွေက အစိုးရဘက်ကလည်းမလာ အန်ဂျီအိုဘက်ကလည်း ဆိုင်းငံ့ဆိုတော့ နည်းနည်းတော့ခက်သွားတာပေါ့”​လို့ သူက ပြောပါတယ်။ 

မြစ်ကြီးနားမြို့ပေါ်မှာရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းကို သီးခြားစခန်းနှစ်ခုနဲ့ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းမှာ ထားရှိထားတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေအတွက် တစ်လကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးမယ်လို့ ဆိုပေမယ့် ထိုစခန်းက စစ်ဘေးရှောင်တွေဟာ လုံးဝမရရှိသေးဘူးလို့ဆိုပါတယ်။ 

အခုအချိန်ထိတော့မရသေးဘူး။ ဝန်ကြီးချုပ်ကိုတင်ပြထားသေးတယ်။ မိုးရာသီရောက်လာတော့မှာဆိုတော့ သွပ်တွေဘာတွေ၊​လမ်းကမြေသားလည်းဖြစ်တော့ သဲကျောက်တွေပြန်ပြီးတောင်းထားတယ်။  ထောက်ပံ့ကြေးက စီစဉ်နေတယ်လို့ ထွေအုပ်ကပြောတယ်” လို့ သူကဆက်ပြောပါတယ်။ 

၂၀၂၄ ခုနှစ် မတ်လစပြီး စစ်ကောင်စီတပ်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့်  ဆင်ဘိုမြို့ ၊ တာလောကြီးတိုက်နယ်​ ၊ စံကင်းကျေးရွာက ဒေသခံတွေဟာ မြစ်ကြီးနားမြို့ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဝိုင်းမော်မြို့နယ်မှာ နဲ့ ဗန်းမော်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း ရှမ်းတိုင်းရင်းသားတွေဟာ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းဆီ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *