
မြစ်ကြီးနား-မိုးကောင်း-ဖားကန့်သွားလမ်းပိုင်းတွေမှာ ဇူလိုင်လအတွင်းမှာ စစ်ဆေးရေးဂိတ်များပိုတိုးလာပြီး ဂိတ်ဖြတ်သန်းခွင့် အခကြေးငွေများကိုလည်း ပိုတိုးတောင်းခံလာကြသည်ဟု ယဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရပါတယ်။
“ ဟုတ်တယ်တိုးတယ် အမလေးအများကြီးပဲ တိုးတာကိုမဟုတ်ဘူး တော်တော်ကိုပွားနေတာ နှစ်ဖက်ဆိုရင် လေးဂိတ်လောက်ထပ်တိုးတယ် အရင်ကထက်ပိုများလာတာပေါ့ KIA နဲ့ PDF ပူးပေါင်းဂိတ်ပိုများတယ် မိုးကောင်းနဲ့မြစ်ကြီးနားကြားမှာတော့မရှိဘူး ရှိတာက ဒီဘက်တောလမ်းမှာ” ဟု ယခုရက်ပိုင်း၌ ခရီးသွားလာခဲ့သော ဖားကန့် ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖားကန့်-နန့်ယားလမ်းပိုင်းတွင် KIA+PDF ပူးပေါင်းတပ်ဖွဲ့ ၏ စစ််ဆေးရေးဂိတ် သုံးဂိတ်တိုးလာပြီး လီဒိုလမ်းမကြီးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် တစ်ဂိတ်ထပ်တိုးလာကာ ရှိရင်းစွဲထက် စုစုပေါင်း လေးဂိတ်ခန့် ပိုတိုးလာသည်ဟု ခရီးသွားများက ဆိုကြပါတယ်။
ယခုနှစ်အစပိုင်းမှာ ယာယီဖွင့်လှစ်တဲ့ စစ်ဆေးရေးဂိတ်တချို့ဟာလည်း ယခုလပိုင်းအတွင်းမှာ အမြဲတမ်းဂိတ်များအဖြစ် ရှိနေကြသည်ဟုလည်း သိရပါတယ်။
“ ဂိတ်ကြေးတော့ဆောင်ရတယ်လို့ပြောတယ် အရင်ကထက်ပိုဆောင်ရတယ် ပိုတင်းတင်းကြပ်ကြပ်ဖြစ်တယ်လို့တော့ ပြောကြတယ်” ဟု ဂိတ်များပိုတိုးထားလာပြီး ဖြတ်သန်းခကိုလည်း ပိုတိုးတောင်းခံလာသည်ဟု သူက ဆက်ပြောပြပါတယ်။
ဖားကန့်-မိုးကောင်း- မြစ်ကြီးနားလမ်းပိုင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။