မြန်မာက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဆီကနေ အိန္ဒိယနိုင်ငံသား ၁၃၃ ဦး ကယ်တင်ထား

ဖေဖော်ဝါရီ ၁၂ ၊ ရန်ကုန် 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကနေ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၁၉ ဦးဟာ မဲဆောက်မြို့ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီထဲက ၈ ဦးဟာ အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံသား ၁၃၃ ဦးကို ကယ်တင်ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ အိန္ဒိယနိုင်ငံသား ၇ ဦးလွှတ်မြောက်လာခဲ့ပြီး သူတို့တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အိန္ဒိယနိုင်ငံကို သံရုံးက ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ 

မြန်မာနိုင်ငံအတွင်းက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို၂၀၂၄ ခုနှစ်အတွင်းမှာ ကယ်ထုတ်နေခဲ့တာဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံသားတွေအနေနဲ့ သံရုံးကို ဦးစွာတိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အဲ့ဒေသသို့ မသွားရောက်ဖို့ အိန္ဒိယသံရုံးက သတိပေးထားပါတယ်။ 

မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ခြင်းမရှိိဖို့အတွက် ထိုင်းနိုင်ငံက နေရာငါးခုကို လျှပ်စစ်မီး၊ လောင်စာဆီ နဲ့ ကုန်ပစ္စည်းတချို့ တင်ပို့မှုတွေကို ဖြတ်တောက်ထားလိုက်ပါတယ်။ 

ဒါ့အပြင် ဒီလုပ်ငန်းတွေလုပ်ကိုင်နိုင်ရေးအတွက် နေရာခွင့်ပြုပေးထားတဲ့ ဗိုလ်မှူး စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့ကိုလည်း ထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်ဖို့ကြိုးစားနေကြောင်း ထိုင်းသတင်းတွေမှာဖော်ပြနေကြပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသက လောက်ကိုင်ဒေသအပါအဝင် ရှမ်းမြောက်တစ်ခုလုံးကို TNLA, MNDAA , AA တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့ နှိမ်နင်းခဲ့သလို  စစ်ကောင်စီကလည်း အဲ့ဒေသက ခေါင်းဆောင်ပိုင်းတွေကို တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပါတယ်။ 

ကျားဖြန့်လုပ်ငန်းဟာ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ကြီးထွားလာနေပြီး တိုက်ဖျက်ဖို့အတွက် တရုတ်နိုင်ငံက အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *