
မတ်လ ၁၂ ၊နေပြည်တော်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ Mrs.Julie Bishop (ဂျူလီဘီရှော့)ကို တရုတ်နိုင်ငံနဲ့ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးစီးပွားပဋိပက္ခတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ Justic for Myanmar က တောင်းဆိုခဲ့ပါတယ်။
မကြာသေးမီ မတ်လ(၉)ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို JFM အဖွဲ့က အခုလိုစုံစမ်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး သူမကို Energy Transition Minerals (ETM) ကုမ္ပဏီမှာ မဟာဗျူဟာအကြံပေးအဖြစ်ခန့်အပ်ခဲ့တာဟာ ဂရင်းလန်းဒေသက အငြင်းပွားစရာ ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီစီမံကိန်းက တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ဆက်စပ်ပတ်သက်နေတာဖြစ်သလို သတ္တုတူးဖော်ရေးကဏ္ဍမှာ ဂျူလီပါဝင်ပတ်သက်မှု၊ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းလိုက်နာမှုနဲ့တာဝန်ထမ်းဆောင်နိုင်မှုအပေါ်တွေမှာ စိုးရိမ်စရာမေးခွန်းဖြစ်ပေါ်နေကြောင်း ဆိုပါတယ်။
မစ်စ်ဂျူလီဘီရှော့ဘက်ကတော့ ကုသမဂ္ဂနဲ့ပတ်သက်ပြီး သူမထားရှိတဲ့ဝတ္တရား၊ကတိကဝတ်တွေနဲ့ ပဋိပက္ခဖြစ်စေမယ့်ကိစ္စရပ်များကို မည်သည့်အချိန်မျိုးမဆိုပြုလုပ်ကျူးလွန်မှာမဟုတ်ဘူးလို့ စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုချက်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ချို့မှာ တုံ့ပြန်ဖြေရှင်းထားပါတယ်။
သူမကို ခန့်အပ်ပြီးတဲ့နောက် နေပြည်တော်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့တွေ့ဆုံခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘီရှော့ပ်ကို ပြီးခဲ့တဲ့ ဧပြီလမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။