
မေ ၃ ၊
မြန်မာနိုင်ငံရဲချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ကောင်စီက အနားပေးပြီး ရဲချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ် ဇင်မင်းထက်ကို ရဲချုပ်တာဝန်ပေးအပ်လိုက်ပါတယ်။
စစ်ကောင်စီက မေလ ၂ ရက် ညမှာ ဝန်ကြီးဌာန တိုးချဲ့တာတွေ ၊ အနားပေး ၊ ပြောင်းရွေ့မှုတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ရဲချုပ်သန်းလှိုင်ကို မူလစစ်ဘက်ဆိုင်ရာ ရာထူးတွေကို ပြန်လည်ထမ်းဆောင်စေမယ်လို့လည်းဖော်ပြထားပါတယ်။
ရဲချုပ်သန်းလှိုင်ဟာ ယခင်ရဲချုပ်အောင်ဝင်းဦးနေရာမှာ အာဏာသိမ်းပြီးနောက်ပိုင်း ခန့်အပ်ခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
ရဲချုပ်သန်းလှိုင်ဟာ စစ်တက္ကသိုလ် အပတ်စဥ် ၂၉ကျောင်းဆင်းဖြစ်ကာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်မှာ ရဲချုပ်အဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ်ပါတယ်။
သူဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ အနော်ရထာ၊ အလောင်းမင်း တရားစတဲ့ စစ်ဆင်ရေးနာမည်များနဲ့ PDFတွေကိုနှိမ်နှင်းဖို့ တာဝန်ပေးခံရသူလည်းဖြစ်ပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ စွမ်းအင်ဝန်ကြီးဌာနဆိုပြီး ထပ်မံတိုးချဲ့ခဲ့ပါတယ်။
ဒီဝန်ကြီးဌာနကို တာဝန်ယူထားတဲ့ ဝန်ကြီးကို ဖြုတ်ချလိုက်ပြီး စစ်ကောင်စီက ဦးသောင်းဟန်ကို ဝန်ကြီးနေရာကို ပူးတွဲတာဝန်ပေးလိုက်တာလည်းဖြစ်ပါတယ်။