မြန်မာ့ရွှေစျေးသိန်း(၁၁၀)ထိရှိလာသော်လည်းအရောင်းအဝယ်ဆက်ဖြစ်နေ

ဇန်နဝါရီ ၂၈ ၊ ဟုမ္မလင်း

ဇန်နဝါရီလ(၂၈)ရက်နေ့မှာ မြန်မာ့ အခေါက်ရွှေစျေးဟာ တစ်ကျပ်သားကို ကျပ်သိန်း(၁၁၀)အထိ ထိုးတက်လာတယ်လို့ ရွှေဆိုင်များထံမှ သိရပါတယ်။

ယခုလိုရွှေစျေးစံချိန်တင်တက်လာပေမယ့် ရွှေဆိုင်တွေမှာ အရောင်းအဝယ် ဆက်ဖြစ်နေဆဲလို့ မန္တလေးမြို့က ရွှေအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးက အခုလိုပြောပြပါတယ်။

“ဝယ်တာတော့ သူ့ဟာနဲ့သူတော့ ရှိတော့ရှိနေတယ်။ ပါးတာတော့တော်တော်လေးပါးတယ် ။ ဒီရက်ပိုင်းက လတ်တလောကတော့နည်းနည်းလေး ထပ်တက်နိုင်သေးတဲ့အနေအထားရှိတယ် ပြီးရင်ရုတ်တရက်ပြုတ်ကျနိုင်တဲ့အနေအထားလည်းရှိတယ်”ဟု ဆိုပါတယ်။

  ယခုရွှေစျေးက ကျပ်သိန်း(၁၂၀)ထိ တက်နိုင်ချေရှိသေးတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ 

ပြီးခဲ့နှစ်အစောပိုင်းလတွေမှာ  အခုလိုရွှေစျေးမြင့်တက်မှုတွေရှိလာပါက ရွှေဆိုင်တွေကို စစ်တပ်ဘက်က ခေါ်ယူစစ်ဆေးအရေးယူမှုတွေပြုလုပ်လေ့ရှိပေမယ့်  ယခုကာလတွေမှာ ခေါ်ယူမေးမြန်းခြင်းများမရှိသေးကြောင်း သိရပါတယ်။

“ဖမ်းတာဆီးတာကဘာမှသိပ်မကြားရဘူး အစောပိုင်းကဆို (၈၀)ဝန်းကျင်ကျော်တာနဲ့လိုက်ဖမ်းပြီလေ”ဟု သူကဆိုပါတယ်။

  အာဏာသိမ်းပြီးစ (၂၀၂၁)ခုနှစ်မှာ   ရွှေစျေးက ကျပ်(၁၇)သိန်းသာ ရှိခဲ့ပြီး ယနေ့မှာ   (၆) ဆအထိ မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။ 

 ဒါ့အပြင် ပလက်တီနမ်ငွေစျေးကလည်း ယခင်တစ်ကျပ်သားကို ကျပ်သောင်းပိုင်းသာရှိခဲ့သော်လည်း ယနေ့မှာ ကျပ်(၃)သိန်းအထိ စျေးနှုန်းမြင့်တက်လာကြောင်း သိရပါတယ်။ 

အခုလိုရွှေစျေးနှုန်းတွေမြင့်တက်လာတာဟာ ကမ္ဘာ့ရွှေစျေးတွေမြင့်တက်လာတာကြောင့်လည်းဖြစ်ပါတယ်။

ပထဝီနိုင်ငံရေး မရေရာမှုများ မြင့်တက်လာနေချိန်မှာ  ရင်းနှီးမြှုပ်နှံသူတွေဟာ  ရွှေတွေကို လုံခြုံတဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ်မှတ်ယူပြီး စုပုံဝယ်ယူမှုတွေကြောင့်  ကမ္ဘာ့ရွှေစျေး တစ်အောင်စကို  ဒေါ်လာ (၅၁၀၀) ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး သမိုင်းဝင် မြင့်တက်မှုတစ်ခု ဖြစ်လာတယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *