မြို့နယ်ချင်းဆက်လမ်း ပြန်ပွင့်သွားသည့် ဗန်းမောက်-အင်းတော်လမ်းပိုင်းပေါ် ပစ်ခတ်မှုဖြစ်ပွားနေမှုများ  (၄) ရက်ဆက်ရှိနေပြီဖြစ် 

ဩဂုတ် ၂၈ ၊ အင်းတော် 

မြို့နယ်ချင်းဆက်လမ်း ပြန်ပွင့်သွားသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်-အင်းတော်လမ်းပိုင်းပေါ် ပစ်ခတ်မှုဖြစ်ပွားနေမှု  (၄) ရက်ရှိပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဗန်းမောက်-အင်းတော်ကားလမ်းပိုင်းပေါ်ရှိ  စစ်ကောင်စီ တပ်စွဲထားသည့် နန့်သာကျေးရွာတစ်ဝိုက်မှာ  စစ်ကောင်စီတပ်နှင့် KIA + PDF ပူးပေါင်းတပ်တို့ နေ့စဥ်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ အင်းတော်ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

“ လက်နက်ကြီးပစ်တာက ဒီနေ့ကောဆိုရင် သုံးရက် လေးရက်လောက် ရှိပြီကော။ မိုလင်းတာနဲ့ ချကြပြီ နေ့လယ်နား။ အဲ့ဒါပြီးရင် ညနေဆိုရင် လေးနာရီ ထိုးပြီး ငါးနာရီလောက်ဆို ချကြပြန်ပြီ။ အခုမနက်လည်း ပြီးသွားပြီ ဆယ်နာရီ ထိုးကတည်းက ရပ်သွားပြီ။ မနက်တုန်းက တကျိမ်းကျိမ်းပ တွယ်ကြတာ။” လို့ ဒေသခံတစ်ဦး​ရှမ်းနီအသံကို ပြောပါတယ်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုဟာ လေးရက်မြောက်ခဲ့ပြီဖြစ်ပြီး မနက်ပိုင်း နှင့် ညနေပိုင်းတွင်သာ အပြန်အလှန်ပစ်ခတ်မှုရှိတယ်လို့ သိရှိရပါတယ်။

အဆိုပစ်ခတ်မှုနေရာများကို အင်းတော်စစ်တပ်ကုန်းမှလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတာမျိုးရှိတယ်လို့လည်း သိရှိရပါတယ်။

ဒီကနေ့မှာတော့ အဆိုပါ ပစ်ခတ်မှုကြောင့် ဗန်းမောက်-အင်းတော်လမ်းပိုင်း အချို့နေရာတွေမှာ တော်လှန်ရေးအင်အားစုများ အစစ်အဆေးရှိသည့်အတွက် ခရီးအသွားအလာ ကျဲသွားတယ်လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ရှိတော့ ရှိတယ်။ ဒီကနေ့တော့ နဲနဲတော့ ကျဲသွားမှာပါ့အေး။ ခါတိုင်းက ရှိတယ်လေ အမြဲတမ်း။”

ဗန်းမောက်-အင်းတော်လမ်းပိုင်းပေါ်က တော်လှန်ရေးအင်အားစုများ ဖြတ်တောက်ခဲ့သည့် ဗန်းမောက်မြို့အနီးက လမ်းပိုင်းတွေကို စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်ထားပြီးဖြစ်တဲ့အပြင် တုံစီတံတားကိုလည်း ပြန်လည်ပြုပြင်သွားဖို့ရှိတယ်လို့ အဆိုပါ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြချက်အရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *