နိုဝင်ဘာ ၁၃ ၊ ဖားကန့်
မကြာသေးမီ တနင်္ဂနွေ (၁၀)ရက်နေ့ည (၁၂)နာရီအချိန်မှာ ဖားကန့်မြို့နယ်၊မှော်စီစာကျေးရွာ၊ အောင်သာယာ(၂)အပိုင်းက တင်အောင်ကြိုင်အမည်ရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအတွင်း မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ညတွင်းချင်းမှာပဲ အဆိုပါကုမ္ပဏီပိတ်သိမ်းသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
‘မြေပြိုပြီးတဲ့ ညတွင်းချင်းပဲ သူတို့ကုမ္ပဏီကတစ်ခါတည်းဖျက်သိမ်းတယ် အဆောက်အဦးတွေဆို ချက်ချင်းဖျက်တာ မိုးမလင်းခင်လေ ဖျက်ပြီးတော့ လုပ်ကွက်ဟောင်းတစ်ခုလို ဘာမှမလုပ်တော့ဘူး လုပ်ကွက်ဟောင်းကြီးတစ်ခုလိုပဲထားလိုက်တာ’ဟု ရေမဆေးသမားတစ်ဦးက ပြောပြပါတယ်။
မြေပြိုမှုထဲ ဖုံးလွှမ်းပျောက်ဆုံးနေသူ ယာဉ်မောင်းသမား (၂)ဦးအပြင် ခန့်မှန်းခြေ ရေမဆေးသမား(၂၀)ဦးထက်မနည်းကိုလည်း ရှာဖွေခြင်းမရှိသလို သေဆုံးသူစာရင်းများကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးဟု ဆိုပါတယ်။
ဒီကုမ္ပဏီက KIO/KIAအဖွဲ့အစည်းများနဲ့ စပ်တူပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့လည်းသိရပြီး ရေမဆေးအလုပ်သမား (၂၀၀)ခန့်(ဒီထက် အရေအတွက်များရင်လည်းများနိုင်)နဲ့ လုပ်ငန်းလည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။
‘KIAနဲ့ဆက်နွယ်တဲ့ကုမ္ပဏီလို့သိရတယ် ရာသီအစမှာသူတို့အားကြိုးမာန်တက်နဲ့လုပ်တယ် အဲ့နေရာကကျောက်စိမ်းကျောက်ကြောကောင်းတယ် အခုသတင်းကိုဖုံးဖိတယ် တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးပြန့်မှာစိုးလို့လေ’ဟု သူကဆက်ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လကနေ ကချင်လွတ်မြောက်ရေးတပ်မတော်( KIA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ (၆)လ အပစ်အခတ်ရပ်စဲရေးသဘောတူထားပြီးနောက် ကျောက်စိမ်းကုမ္ပဏီများကို ကျောက်စိမ်းပြန်လည်တူးဖော်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။