ယင်းမာပင်မြို့နယ်မုံရွာတပ်ရင်း၁၃ယာယီစခန်းကိုစစ်ကောင်စီတပ်တွေဝင်စီး PDF (၉) ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရွှေလှံရွာမှာ ရှိတဲ့ မုံရွာတပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီစခန်းကို အောက်တိုဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အလစ်ငိုက်ဝင်စီးမှုကြောင့် PDF (၉) ဦးနဲ့အတူ အရပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ တပ်ရင်း(၁၃) သတင်းနှင့်ပြန်ကြားရေးက ဆိုပါတယ်။ 

စစ်ကောင်စီအင်အားတစ်ရာဝန်းကျင်ခန့်က စစ်ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘဲ  PDF အယောင်ဆောင်ကာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

တခြားတိုက်ပွဲကနေပြန်လာခဲ့တဲ့ မုံရွာတပ်ရင်း ၁၃ က PDF  ၈ ဦး ၊ ရွှေလှံရွာမှာ ခတ္တတည်းခိုနေတဲ့ ပခုက္ကူခရိုင် တပ်ရင်း (၂) က PDF (၁) ဦး စုစုပေါင်း (၉) ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရသလို (၂) ဦးလည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေက ရွှေလှံရွာက အိမ်ထောင်စု (၈) စုကိုလည်း မီးရှို့ဖျက်စီးခံခဲ့ရပြီး  ကျဆုံးသွားတဲ့ PDF (၉) ဦးနဲ့ ရွာသား တစ်ဦးကိုလည်း မီးရှို့သွားခဲ့တယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

မုံရွာခရိုင်တပ်ရင်း-၁၃ ( အောင်ဆန်းမျိုးဆက်)အဖွဲ့က အောက်တိုဘာလထဲမှာ  ဘုတလင်မြို့ ရဲစခန်း သစ်တောရုံးတွေကိုတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *