ရပ်နားထားရတဲ့ တရုတ် စီမံကိန်းတွေကို လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်ထုတ်ပြော 

စက်တင်ဘာ ၅ ၊ ရန်ကုန် 

ကန့်ကွက်မှုတွေကြောင့် ရပ်နားထားရတဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေကို စစ်ကော်မရှင်က အကောင်အထည်ဖော်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံကို သွားရောက်နေတဲ့ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။ 

တရုတ်လုပ်ငန်းရှင်များ ပါဝင်တဲ့ အစည်းအဝေးပွဲမှာ၂၀၁၁ ခုနှစ်က ကန့်ကွက်ထားမှုကြောင့် ရပ်နားရတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပါအဝင် လမ်းပန်းဆက်သွယ်ရေး၊ မီးရထားလမ်း နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို တရုတ်အကူအညီနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ မူဆယ်-မန္တလေး မီးရထားလမ်းပိုင်းဟာ ကျောက်ဖြူ -ကူမင်း မီးရထားလမ်းပိုင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီစီမံကိန်းကိုလည်း အကောင်အထည်ဖော်နေတယ်လို့ စစ်ကော်မရှင်ဥက္ကဌက ဆိုပါတယ်။ 

ဒီစီမံကိန်းတွေကြောင့် တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ဖြစ်လာမယ့်အလားအလာရှိနေပြီး ကုန်သွယ်ရေးအတွက် အချက်အခြာဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ 

မြန်မာမှာ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ ခေတ်သစ်ပိုးလမ်းမစံမံကိန်းမှာ ပါဝင်ထားတဲ့ မူဆယ်-မန္တလေး စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်လာနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ 

တည်ဆောက်မည့် ရထားလမ်းဟာ ကီလိုမီတာ (၄၁၄) အရှည်ရှိပြီး ကုန်ကျစရိတ်အနေနဲ့  အမေရိကန်ဒေါ်လာ (၈)ဘီလျံကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ Working Group နှင့် Technical Team များကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

ဒီလမ်းပိုင်းတည်ဆောက်ရေးအတွက် လက်ရှိမှာ မူဆယ်-မန္တလေးလမ်းပိုင်းပေါ်က မြို့အများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ 

ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မူဆယ်-မန္တလေးဗျူဟာလမ်းမပေါ်ရှိ  မြို့တွေကို စစ်ကောင်စီက လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

၁၀၅ မိုင်ကုန်သွယ်ရေးစခန်း ၊ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်တွေကို MNDAA ကိုးကန့်တပ် ၊ TNLA တအာင်းတပ် ၊ KIAကချင်တပ် နဲ့ ရခိုင့်တပ်တော် AA တို့က သိမ်းပိုက်ထားတာဖြစ်ပါတယ်။ 

စစ်တပ်က ဒီလမ်းပိုင်းက မြို့တွေကို ပြန်လည်ရရှိရေးအတွက် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆွေးနွေးညှိနှိုင်းတာတွေပြုလုပ်နေသလို တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *