ရုရှားကယူကရိန်းအပေါ်ကျူးကျော်မှုအရေးကုလအထွေထွေညီလာခံရှုတ်ချမှုကိုမြန်မာထောက်ခံမဲပေးခဲ့


မတ် – ၃ ၊ နယူးယောက်

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ရုရှားဖက်ဒေးရှင်းနိုင်ငံက ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုအရေး ရှုတ်ချမှုကို မြန်မာက ထောက်ခံမဲပေးခဲ့တယ်လို့ သိရပါတယ်။ 

မတ်လ (၂) ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေးမှာ  မြန်မာနိုင်ငံကိုယ်စားပြုဖြစ်တဲ့ သံအမတ် ဦးကျော်မိုးထွန်းက ရှုတ်ချမှုကို ထောက်ခံတဲ့အကြောင်း မဲပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ရုရှားလုပ်ရပ်ကို ရှုတ်ချပြီး ယူကရိန်းပြည်သူတွေနဲ့အတူရပ်တည်တယ်ဆိုတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းအဆိုကို မြန်မာက အထွေထွေညီလာခံမှာ ပူးတွဲတင်သွင်းတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်မူကြမ်းကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄၁ က ထောက်ခံမဲပေးပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့သလို ၃၅ နိုင်ငံကတော့ မဲမပေးခဲ့ကြပါဘူး။ 

ကန့်ကွက်တဲ့ ငါးနိုင်ငံထဲမှာ ရုရှားကိုယ်တိုင်ပါဝင်သလို ရုရှားနဲ့ ယူကရိန်းအိမ်နီးချင်းဖြစ်တဲ့ ဘယ်လာရု ၊ မြောက်ကိုးရီးယား ၊ ဆီးရီးယားနဲ့ အီရစ်ထရီးယားနိုင်ငံတွေဖြစ်ပါတယ်။ 

အင်အားကြီးတဲ့ အိန္ဒိယ နဲ့ တရုတ်နိုင်ငံအပါအဝင် အာရှနိုင်ငံတချို့ ဒီအဆိုမူကြမ်းကို မဲမပေးပဲ နေခဲ့ကြပါတယ်။ 

ရှရုားက ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလ  ၂၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ကာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ 

မြန်မာစစ်ကောင်စီဘက်ကတော့ ရုရှားက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုကို ထောက်ခံတဲ့အကြောင်း နိုင်ငံတကာမီဒီယာတွေမှာ အစောပိုင်းတုန်းက ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *