ရေကြီးရေလျှံမှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅ )ကျောင်းသာ ဖွင့်လှစ်နိုင်

ဇူလိုင် ၁၆ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းတွင် ချင်းတွင်းမြစ်နှင့် ဥရုချောင်းတို့ ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်း (၅)ကျောင်းသာ ဖွင့်လှစ်နိုင်တော့တယ်လို့ သိရှိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် ကုန်းမြင့်ဒေသမှာရှိနေတဲ့  မောင်းခမ်း၊ ကောယား၊ ဟုမ္မလင်း အထက-၁ နဲ့ မြေနီကုန်းကျောင်း တို့မှာသာ ဖွင့်လှစ်နိုင်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ အခု ရေကြီးလို့ ဖွင့်နိုင်တာက မောင်းခမ်း၊ ကောယာ၊ ဟုမ္မလင်း-အထက၊ မြေနီကုန်း၊ ကျန်တာဘယ်သူမှ မဖွင့်နိုင်ဘူး။ ဟုမ္မလင်း အထက(၁) ဖွင့်နိုင်တယ်။ အထက(၂)က မဖွင့်နိုင်ဘူး။ အမက ၁၊၂၊၃ မဖွင့်နိုင်ဘူး ”  သူကပြောပါတယ်။ 

ချင်းတွင်းမြစ်ရိုးနှင့် ဥရုချောင်းရိုးတစ်လျှောက် မြေနိမ့်ပိုင်းမှာ ရှိနေတဲ့  ကျေးရွာအများစုက အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပေမယ့် ကုန်းမြင့်ဒေသမှာရှိသည့် အခြေခံပညာကျောင်းတွေတော့ ဖွင့်လှစ်နိုင်သေးတယ်လို့ ၎င်က ထပ်မံ ပြောဆိုပါတယ်။

ဟုမ္မလင်းမြို့အထက်ပိုင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ နားနှုန်း၊ ခေါင်ခမ်း၊ တာပတောင်း၊ ပန်မလုံ၊ ဟူနောင်ဟင်နောင်၊ မာလာ၊ ထိန်ကင်း စသည့်ကျေးရွာတွေက အခြေခံပညာကျောင်းများ ပိတ်သိမ်းထားရသလို ဥရုချောင်းရိုးရှိ မြောက်ကုန်း၊ ကြက်လျှာစွန်း၊ နောင်ပိုအောင်၊ သဖန်းကုန်း၊ မာလုံ၊ နောင်တော၊ နမ့်စကား၊ နမ့်တော စသည့်ကျေးရွာက အခြေခံပညာကျောင်းတွေလည်း ပိတ်ထားရတာပဲ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်နှင့် ဥရုချောင်းတို့ ဆုံရာ မြင်သာရေလည်းကျေးရွာ တစ်လျှောက်မှာလည်း စစ်ဘေးနှင့် ရေဘေးတွေကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတာပဲ ဖြစ်ပါတယ်။

“ အခုက မြင်သာ ရိုးတွေက အကုန်ပိတ်သွားပြီလေ။ တိုက်ပွဲဖြစ်တော့ လုံးဝ မဖွင့်နိုင်တော့ဘူး။ တိုက်ပွဲဖြစ်တာရယ် ပြီးတော့ ရေကြီးတော့ အကုန်ပိတ်လိုက်ရတာပအေး။” လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။ 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဟုမ္မလင်းမြို့နယ်အတွင်း အစိုးရ အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအဝင် ကျောင်းပေါင်း (၃၁၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း ၂၇၅၅၈ ယောက် ပညာသင်ကြားခဲ့ကြတယ်လို့ ဌာနဆိုင်ရာ သတင်းအချက်အလက်များအရ သိရှိရပေမယ့် ယခုပညာသင်နှစ် စာရင်းဇယားများကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လည်းပိုင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *