
မေ ၂၀ ၊ နေပြည်တော်
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ( ကာလုံ )ရဲ့ အဆုံးအဖြတ်နဲ့ လုပ်ဆောင်နိုင်တယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
မေလ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ငန်းညှိနှိုင်းဝေးအစည်းအဝေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံရေး ၊ ပညာရေး ၊ စီးပွားရေး နဲ့ ငလျင်ဘေးအရေးတို့ကိုပြောဆိုခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကို ပြုလုပ်ပြီး လွှတ်တော်ခေါ်ယူရာမှာလည်း အထမြောက်နိုင်တဲ့အပိုင်းတွေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈ နဲ့ ပုဒ်မ ၁၅၅ တို့ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပုဒ်မ ၈၅ ဟာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူချိန် လွတ်တော် ကိုယ်စားလှယ် ထက်ဝက်ကျော် တက်ရောက်မှ အထမြောက်ကြောင်း ၊ အထမမြောက်လို့ ရွေ့ဆိုင်းကျင်းပရတဲ့ အစည်းအဝေးတွေနဲ့ အစည်းအဝေးထမြောက်ပြီးတဲ့နောက် ကျင်းပတဲ့ အစည်းအဝေးတွေမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သုံးပုံတစ်ပုံတက်ရောက်ရင် အစည်းအဝေးအထမြောက်တယ်လို့ဆိုထားပါတယ်။
ကိုယ်စားလှယ်အားလုံးရဲ့ ၃၃ ရာခိုင်နှုန်းတက်ရောက်နိုင်လျှင်ပင် လွတ်တော်ကျင်းပနိုင်တဲ့အနေအထားတစ်ရပ်လို့ ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီဘက်က အတိအလင်းထုတ်ပြောထားပေမယ့် ကျင်းပမယ့်မဲဆန္ဒနယ်မြေတွေ နဲ့ အချိန်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
NUCC ၊NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ မေလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
