
မေ ၂၉ ၊ ရွှေတြိဂံ
မြန်မာနိုင်ငံအရှေ့ဖျားနယ်စပ် ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေဟာ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ရပ်ကိုဆိုလာပါတယ်။
ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါးများ တရားမဝင် ထုတ်လုပ်ရောင်းဝယ် ဖောက်ကားမှုတွေ အဆမတန် ကြီးထွားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
အရှေ့နှင့်အရှေ့တောင်အာရှမှာ မက်သာဖက်တမင်းဖမ်းဆီးရမိမှု ပမာဏ စုစုပေါင်း ၂၃၆ တန်ကို ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်မယ်ဆိုရင် ၂၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။
“၂၃၆ တန်က ဖမ်းဆီးရမိတဲ့ ပမာဏကိုသာ ကိုယ်စားပြုပြီး၊ စိတ်ကြွဆေးပြားတွေ စျေးကွက်ထဲကို အမှန်တကယ် ရောက်ရှိနေပါတယ်” လို့ UNODC အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယာယီ ဒေသဆိုင်ရာ ကိုယ်စားလှယ် Benedikt Hofmann ကပြောပါတယ်။
“ ဒီဖမ်းဆီးရမိမှုတွေဟာ တစိတ်တပိုင်းအားဖြင့် အောင်မြင်တဲ့ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းမှုတွေကို ထင်ဟပ်နေချိန်မှာ အထူးသဖြင့် ရှမ်းပြည်နယ် ၊ ရွှေတြိဂံဒေသက စိတ်ကြွဆေးပြား ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု အဆင့်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်” လို့ သူကပြောပါတယ်။
အဲ့ဒီ အစီရင်ခံစာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုဟာ ၂၀၂၁ ခုနှစ်မှ စတင်ကာ သိသိသာသာ တိုးလာကြောင်းပြသနေတာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှ စိတ်ကြွဆေးများ ရောင်းဝယ်ဖောက်ကားတဲ့ အဓိကလမ်းကြောင်းနှင့် ဦးတည်ရာနေရာအဖြစ် ရပ်တည်နေပြီး ဒေသတွင်းတွင် ယာဘဆေးပြား တစ်ဘီလီယံ အပါအဝင် စိတ်ကြွဆေးပြား နှင့် ကဖိန်းဓာတ် ပေါင်းစပ်မှုမှာ အရှေ့တောင်အာရှ ဒေသအများအပြားတွင် လူကြိုက်များသော စိတ်ကြွဆေးပြားများ အပါအဝင် ဒေသတွင်း၌ စိတ်ကြွဆေး ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံကလည်း “ဝ” ဒေသထဲ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေကို တားဆီးဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းသွားမယ့်အကြောင်းကို မေလ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထုတ်ဖော်ပြာဆိုထားပါတယ်။
