ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ကတိုက်ပွဲများကြောင့်လမ်းပိုင်းပိတ်ဆို့မှုဖြစ်ကာကားတစ်ထောင်နီးပါးပိတ်မိနေ

မေ ၉ ၊ ရွှေဘို 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ မလည်တိုက်နယ်အတွင်း တိုက်ပွဲကြောင့် ယာဉ်လိုင်းများအပါအဝင် ကားအစီးရေထောင်နှင့်ချီပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ သိရပါတယ်။ 

မေလ ၅ ရက်နေ့ညနေကစပြီး ဒီနေ့ မေလ ၉ ရက်နေ့အထိ ပေကြီးကျေးရွာအနီးကစပြီး ပိတ်မိနေတာဖြစ်ကြောင်း ပိတ်မိနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ 

“ ထောင်ဂဏန်းလောက်ရှိတယ်။ ကျွန်တော်ကျော်ခဲ့တဲ့ ဂဏန်းကိုက ထောင်ဂဏန်းလောက်ရှိတယ်။ ကားသိပ်မများသေးလို့ ။ ဆိုင်ကယ်တောင်သွားမရဘူးဖြစ်နေ။ နှစ်ညအိပ် ၃ ရက်ရှိသွားပြီ” လို့ သူကပြောပါတယ်။ 

ကန့်ဘလူမြို့နယ် မလည်ကျေးရွာမှာရှိတဲ့ စစ်ကော်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေကြတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ကြောင်း ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

မေလ ၈ ရက်နေ့မှာ မလယ်တိုက်ပွဲဆီသို့ စစ်ကူနိုင်ဖို့  ရွှေဘို-မြစ်ကြီးနားကမ်းလမ်းဘေးရှိ ယမနေကျေးရွာ စစ်ကောင်စီစခန်းကနေ  အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုးလာနေတဲ့အတွက် အဆိုပါစစ်ကြောင်းကို ဟန့်တားသည့် တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေးမြို့မှာ သွားတဲ့ ရာနဲ့ချီတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေဟာ ကန့်ဘလူမြို့နယ် ပေကြီး ပိတ်ထားပြီး မြစ်ကြီးနားမြို့မှာ ဆင်းလာတဲ့ ကားတွေဟာ အင်းတော်မြို့နယ် အတွင်း ပိတ််ထားတာဖြစ်တယ်လို့ ပိတ်မိနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။ 

“ လမ်းပိတ်နေတာ ဘယ်လိုဖြစ်လဲဆိုတော့ မသိပါဘူးဗျာ။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။  တမြန်နေ့က စပိတ်တာ ။ ပိတ်တာက ခင်ဦးလမ်းဆုံကျော်လာပြီး  ဘာပါလိမ့် ဇီးကုန်း-မလည်လမ်းဆုံ မရောက်ခင်ကတည်းက ပိတ်နေတာ။ အဲ့နားမှာပိတ်နေတာဖြစ်တယ်။ “ လို့ နောက်ထပ် ယာဉ်မောင်းသမားတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလကလည်း ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲကြောင့်   ငါးရက်ကြာ ပိတ်ထားရပြီး ကုန်တင်ကား ၊ ခရီးသည်တင်ကား ရာနှင့်ချီ ပိတ်မိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *