အရမ်းရင်နာစရာကောင်းပါတယ်ဒီလိုပဲဆက်သွားနေမယ်ဆိုရင်ရှမ်းပြည်သူလူထုကရှမ်းတော်လှန်ရေးတပ်တွေအပေါ်ယုံကြည်မှုနည်းလာလိမ့်မယ်
ရှမ်းပြည်နယ်အတွင်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ခြင်းဖြစ်ပွားနေသည့် တိုက်ပွဲ ၊ TNLA , SSPP/SSA နှင့် RCSS/SSA တို့တိုက်ပွဲကြောင့် စစ်ရှောင်ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ မေလ ၊ဇွန်လ နှင့် ဇူလိုင်လအစပိုင်းထိ တိုက်ပွဲများဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲတိမ်းရှောင်ရသည့်
ရှမ်းစစ်ဘေးရှောင်များကို သွားရောက်ကူညီပေးခဲ့သည့် Tai Student Union ၏ပြောရေးဆိုခွင့်ရှိသူ နှင့် ရှမ်းနီအသံမှ ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ရပါတယ်။
မေး – ရှမ်းပြည်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ သူတို့ကိုကူညီပေးနေတဲ့အခြေအနေကို ပြောပေးပါအုံးခင်ဗျာ့ ။
ဖြေ – လက်ရှိကူညီခဲ့တဲ့ ရှမ်းစစ်ဘေးရှောင်ကနေကတော့ မြောက်ပိုင်းကဆိုရင် သီပေါက မန်စံ၊ပန်လုံ နမ့်လန်က မန့်လီ၊ဝမ်စိမ်း ကျောက်မဲက မိန်းငေါ့၊တော့ဆန် အဲ့ဒါတွေမှာသွားကူညီဖြစ်တယ် အဲ့ဘက်ကတော့ အခုလက်ရှိအခြေအနေတည်ငြိမ်သွားပြီပြောတယ် တောင်ပိုင်းမှာတော့ ကျေးသီးမြို့နယ်ထဲကနဲ့ မိုင်းကိုင်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာသွားကူညီဖြစ်တယ် အဲ့ဘက်ကတော့ စစ်ရှောင်တွေက ပုံမှန်မရှိဘူး သူတို့က တိုက်ပွဲဖြစ်တဲ့ချိန်ဆိုရင် စစ်ရှောင်စခန်းကိုပြေးလာတယ် တိုက်ပွဲငြိမ်သွားရင်တော့ ရွာပြန်ပြီးအလုပ်တွေပြန်လုပ်တာပေါ့ တိုက်ပွဲ ရက်ဆက်တဲ့အခြေအနေမျိုးမှာဆိုရင် အလုံးအရင်းနဲ့စစ်ရှောင်စခန်းတွေဆီလာရှောင်တော့ အစားအသောက်တွေက နေရာထိုင်ခင်းတွေ မလုံမလောက်တာတွေကြုံရပါတယ် အဲ့အခြေအနေမျိုးကတော့တော်တော်ဒုက္ခရောက်တယ်။ TSU ကရှမ်းပြည်မှာတင်မက ကချင်ပြည်နယ် နဲ့ ကယားပြည်နယ်က စစ်ရှောင်ပြည်သူတွေကိုပါ ကူညီပေးပါတယ်။
မေး – အခုကော စစ်ရှောင်တွေရှိသေးလား ဘယ်လိုသတင်းကြားသေးလဲ
ဖြေ – ရှမ်းပြည်တောင်ပိုင်းကျေးသီးဘက်မှာ တောင်ပိုင်းမှာက စစ်ရှောင်တွေအခုလက်ရှိ ရှိနေသေးပါတယ် ။ တချို့ကျတော့ အိမ်မပြန်ရဲတာတွေတို့လည်းရှိကြတယ်လေ ပြီးတော့ မနှစ်ကတည်းကဖြစ်တဲ့ ကျောက်မဲ တော့ဆန်က စစ်ပွဲတွေရဲ့ဒဏ်ကြောင့် အခုထက်ထိပြည်သူတွေကခံနေရတုန်းပဲ ဒါကို နောက်ထပ်တကျော့ပြန် စစ်ပွဲထပ်ဖြစ်တော့ပိုဆိုးပေါ့ တော့ဆန်ဘက်က တကျော့ပြန်စစ်ပွဲမဖြစ်ခင်ကဆိုရင် TSU က စစ်ဘေးသင့်ပြည်သူတွေကို အစားအသောက်ထောက်ပံ့ပေးရတယ် ပြောချင်တာက စစ်ပွဲပြီးသွားရင်တောင် ပြန်လည်ထူထောင်ရေးကိစ္စမှာလည်းနှစ်နဲ့ချီကြာနိုင်ပါတယ်။
မေး – စစ်ဘေးရှောင်တွေရဲ့ စာရင်းလိုမျိုးကော ကောက်ကြတာရှိလား ။ ဥပမာ ကျေးသီး မိုင်းကိုင်ဘက် နဲ့ ကျောက်မဲနယ်ဘက်တကျောတွေပေါ့ ။
ဖြေ – စာရင်းက အဓိအကျတော့မရနိုင်ဘူး ပြီးတော့ တစ်ရက်နဲ့တစ်ရက်က စာရင်းမတူဘူး။ ဘာလို့လဲဆိုတော့ ခုဏကပြောသလိုပဲ တိုက်ပွဲမဖြစ်တော့ရင် တချို့ကရွာပြန်ပြီး အလုပ်ပြန်သွားလုပ်ကြတယ် တိုက်ပွဲဖြစ်ရင်ပြန်ပြေးလာကြတယ်။ကျနော်တို့သွားလှူတဲ့နေ့က စစ်ရှောင်စာရင်းကိုတော့ စာရင်းကောက်ဖြစ်ပါတယ် စစ်ရှောင်စခန်းတာဝန်ခံတွေရှိတဲ့စခန်းဆိုရင် လူဦးရေအတိအကျစာရင်းရတယ် တာဝန်ခံမရှိတဲ့စခန်းဆိုရင်တော့ ခန့်မှန်းချေလောက်ပဲသိရတယ်
မေး – ထပ်သွားလှူဖို့ကော အစီအစဉ်တွေရှိသေးလား ။
ဖြေ – ရှိပါတယ် စစ်ရှောင်စခန်းတွေရဲ့ အခြေအနေကိုလည်းအမြဲနားထောင်ဖြစ်ပါတယ် လိုအပ်ရင်လိုအပ်သလိုတော့ သွားလှူဖို့ရှိပါတယ် ။
မေး – ရှမ်းပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး TSU အနေနဲ့ ဘာပြောချင်လဲ ပြောချင်တာရှိရင်လည်း ပြောပေးပါအုံး ။
ဖြေ – အခုဖြစ်နေတဲ့တိုက်ပွဲက ပြည်သူတွေအတွက်အကျိုးလည်းမရှိဘူး ၂ဖက်အဖွဲ့တွေအနေနဲ့ပြည်သူတွေကိုငဲ့ညှာပြီး စစ်ပွဲအမြန်ဆုံးရပ်တန့်အောင်အဖြေရှာသင့်ပါတယ် နောက်ပြီး တချို့၂ဖက်က ရှမ်းစစ်သားတွေဆိုရင် ညီအစ်ကိုအရင်းဖြစ်နေတာမျိုးတို့ သားအဖဖြစ်နေတာတို့ သူငယ်ချင်းအရင်းဖြစ်နေတာမျိုးတို့ စသဖြင့်အချင်းချင်းပြန်တိုက်နေရတာတွေရှိပါတယ် ဒါက အရမ်းရင်နာစရာကောင်းပါတယ် ဒီလိုပဲဆက်သွားနေမယ်ဆိုရင် ရှမ်းပြည်သူလူထုက ရှမ်းတော်လှန်ရေးတပ်တွေအပေါ် ယုံကြည်မှုနည်းလာလိမ့်မယ် TSU အနေနဲ့ကတော့ ရှမ်းပြည်သူတွေကိုဒုက္ခရောက်စေမယ့်မည့်သည့်လုပ်ရပ်မျိုးကိုမဆို စစ်ပွဲဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်တာမျိုးဖြစ်ဖြစ် ဆန့်ကျင်ရှုတ်ချသွားမှာပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။