

မေ ၁၆ ၊ လွိုင်တိုင်းလျန်း
ရှမ်းတပ်နှစ်ခုကြား တွေ့ဆုံဆွေးနွေးမှုတွေအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ဒီနေ့ မေလ (၁၆) ရက်နေ့ ကစလို့ ၁၀ ရက်တာ အပစ်ခတ်ရပ်စဲမယ်လို့ အမိန့်တစ်ရပ် ထုတ်ပြန်ထားကြောင်းသိရပါတယ်။
RCSS/SSA က သူ့တပ်ရင်းတပ်ဖွဲ့တွေဆီ ပေးပို့ထားတဲ့ အမိန့်ကြေညာချက်ထဲမှာ မကြာမီရောက်ရှိလာမယ့် ရှမ်းတော်လှန်ရေးနေ့အပြင် တွေ့ဆုံဆွေးနွေးရေးကိစ္စတွေအတွက် အပစ်ခတ်ရပ်စဲမှုတွေကိုချက်ခြင်းလုပ်ဖို့ ဆိုထားပါတယ်။
“ ရှမ်းပြည်ရဲ့ကံကြမ္မာဟာလက်ရှိမှာ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေပြီး ရှမ်းတိုင်းရင်းသားတွေ ဆွေးနွေးမှု၊ တိုင်ပင်မှုတွေ မလုပ်နိုင်ရင် လာမယ့်အနာဂတ်မှာ ရှမ်းတွေဟာ ဒီရဲ့ဒဏ်တွေကို ရေရှည်ခံသွားရနိုင်တယ်လို့” ထို့ ထိုစာထဲမှာ ရေးသားထားပါတယ်။
ဒါ့အပြင် RCSS/SSA ရဲ့ ဥက္ကဌ စဝ်ယွက်ဆစ်ကလည်း ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ် နဲ့ ရှမ်းလက်နက်ကိုင် တပ် နှစ်ခုကြား ဆွေးနွေးမှုတွေဖြစ်လာစေဖို့အတွက် အပစ်ခတ်ရပ်စဲတာလို့ဆိုထားပါတယ်။
ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့ဟာ ၂၀၂၃ ခုနှစ်မှာ နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုတွေရရှိခဲ့ပြီးနောက် ရှမ်းပြည်တောင်ပိုင်းနေရာတချို့မှာ ပစ်ခတ်မှုတွေဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ဆက်တိုက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
အခုရက်ပိုင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နယ်မြေတချို့ကို ကိုးကန့်တပ်တွေက မေလ ဆန်းပိုင်းမှာဝင်ရောက်နေရာယူမှုတွေရှိခဲ့ကာ ညှိနှိုင်းဆွေးနွေးမှုတွေလည်း ပြေလည်သည့်အခြေအနေကို မရရှိခဲ့ကြောင်း SSPP/SSA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
