ဧပြီ ၃၀ ၊ ရန်ကုန်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဌဟောင်း ဦးခွန်ထွန်းဦးက ဒီနေ့ ဧပြီ ၃၀ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။
ဦးခွန်ထွန်းဦး ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီလည်းဖြစ်ပါတယ်။
SNLD ပါတီမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်မှ SNLD ပါတီက အနားယူထားတာဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ အပြီး ၁၉၈၈ခုနစ် မှာ SNLD ကိုစတင်ထူထောင်သူတွေထဲမှာ ဦးခွန်ထွန်းဦး ပါ၀င်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ကနေ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၉၃နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ပူတာအို ထောင်မှာ ၆နှစ် ကြာ အကျဥ်းကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒီနေ့ ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းကို ရှမ်းလူငယ်တွေ ၊ နိုင်ငံရေးသမားတွေ ၊ တော်လှန်ရေးလုပ်နေတဲ့သူတွေ ၊ ပါတီအသီးသီးကလည်း ဝမ်းနည်းကြောင်းနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။
NUG အစိုးရဘက်ကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက် လတိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံလာတဲ့ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး ထပ်တူဝမ်းနည်းမိကြောင်း ယာယီသမ္မတ ဒူဝါလရှိးလ သဝဏ်လွှာပေးပို့ထားတာကိုတွေ့ရပါတယ်။