ရှမ်းနီစစ်ဘေးရှောင်အများစုပါဝင်ဆင်နွဲသည့် ဖောင်းပြင်မြို့ပေါ်က ရှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်လှူပွဲ

ဒီဇင်ဘာလ ၈ ရက် ၊ ဖောင်းပြင်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဖောင်းပြင်မြို့နယ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွေက ရှမ်းနီတိုင်းရင်းသားများနှစ်သစ်ကူးအထိန်းမှတ်အဖြစ် ကောက်ဦးဆွမ်းကပ်လှူပွဲ ကို ဒေသတွင်း စစ်ရှောင်ပြည်သူတွေ ပါဝင်ဆင်နွဲကျင်းပခဲ့ကြပါတယ်။

ကောက်ဦးဆွမ်းကပ်လှူတဲ့အခမ်းနားကို ဖောင်းပြင်မြို့ ဖောင်တော်ဦးဆုတောင်းပြည့်ဘုရားဝင်းအတွင်း ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး မြို့နယ်တွင်း ပြည်သူများအပြင် စစ်ဘေးရှောင်လာတဲ့ ရှမ်းနီတိုင်းရင်းသားအများစု ပါဝင်နေတာလည်းဖြစ်ပါတယ်။

ရှမ်းနှစ်သစ်ကူးအထိမ်းမှတ်အဖြစ် သံဃာတော် အပါး(၃၀) ကျော်ကို ကောက်ဦးဆွမ်း ကပ်လှူဒါန်းကာ ညပိုင်းမှာ အခမ်းနားကို အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့က လုံခြုံရေးယူပေးတယ်လို့လည်း သိရပါတယ်။

“နယ်ကတော့ လာမရဘူး၊ မြို့ပေါ်ကွက်ကွကလေးပဲ အေးချမ်းတာကို ပတ်ပတ်လည်က (PDF)တွေ ဝိုင်းထားကြတယ်၊ အကျဉ်းလေးပဲလုပ်တာ၊” လို့ ဖောင်းပြင်မြို့နယ်တွင်း အခြေနေများကို မြို့ခံတစ်ဦးက ပြောပြပါတယ်။

ဖောင်းပြင်မြို့နယ်ဟာ KIAနဲ့ PDF ပူးပေါင်းတပ်များက နယ်မြေအများစုကို သိမ်းပိုက်ထားပြီး ကုန်သွယ်ရေးလမ်းတွေလည်း ပိတ်ထားတာကြောင့် ပြည်သူအများစုဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

“စားသောက်ကုန်ဈေးကြီးတယ်၊ ပြတ်တာတော့ မပြတ်ဘူး၊ တစ်နယ်လုံးလိုလို မြို့ပေါ် လာစုနေကြတာ၊” လို့ ဖောင်းပြင်မြို့နယ် စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

လက်ရှိ ဖောင်းပြင်မြို့နယ်မှာ ဒေသတွင်းတောင်သူများဟာ လယ်ယာလုပ်ငန်းများကို အေးချမ်းစွာမပြုလုပ်နိုင်ကြပဲ ဖောင်းပြင်မြို့ပေါ်မှာ စစ်ဘေးရှောင်ရင်း ကြုံကျရာ လုပ်ငန်းများပြုလုပ်ကာ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုကာ စစ်ရှောင်နေကြရတာလည်းဖြစ်ပါတယ်။

ဖောင်းပြင်မြို့နယ်တွင်း စစ်ကောင်စီနှင့် KIA+PDF တို့တိုက်ပွဲများကြောင့် ဖောင်းပြင်မြို့နယ် ပြည်သူတွေဟာ မြို့ပေါ်ကို လာရောက်စုစည်း တိမ်းရှောင်နေကြတာကြောင့် ဖောင်းပြင်မြို့ပေါ်မှာ စစ်ဘေးရှောင်များစွာ ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူညီတွေ လိုအပ်နေတယ်လို့လည်း သိထားရပါတယ်။

ဖောင်းပြင်မြို့နယ်ဟာ ရှမ်းနီတိုင်းရင်းသားတွေ အစဉ်အဆက် နေထိုင်တဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ပွဲများကြောင့် နှစ်သစ်ကူးပွဲတော်မကျင်းပနိုင်တာ နှစ်အတန်ကြာ ရှိနေခဲ့ပေမယ့် ဒီနှစ်မှာတော့ အခက်အခဲကြားက ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

အလားတူ ယခုနှစ် ရှမ်းနီတိုင်းရင်းသား နှစ်သစ်ကူးကောက်ဦးဆွမ်းကပ်ပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဇီးကျွန်းကျေးရွာ ၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွေမှာလည်း စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *