



ရှမ်းနီဆရာဖြစ်သင်တန်းနှင့်လူငယ်စွမ်းရည်မြင့်သင်တန်းပို့ချနေ
မေ ၉ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်အနောက်ပိုင်း၊ မံစီကြီးဒေသစိတ် နောင်ပွတ်ကျေးရွာမှာ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ဆရာဖြစ်သင်တန်း ပို့ချလျက်ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကတည်းကစတင်ပို့ချခဲ့တာဖြစ်ပြီး ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုထုံးတမ်းများအပြင် ဖွံ့ဖြိုးရေးနှင့်လူငယ်စွမ်းရည်မြင့်ဘာသာရပ်တွေကိုပါ ပို့ချပေးတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကြပ်တည်းတွေကြား ရိုးရာယဉ်ကျေးမှုနဲ့စာပေတွေ မတိမ်ကောစေဖို့ ကြိုးစားလုပ်ရုန်းကန်နေရတာကြောင့် အခက်ခဲများစွာရှိကြောင်း ဗန်းမောက် ရှမ်းနီ စာ/ယဉ် အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
“ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုဆိုတာကျနော်တို့လူမျိုးရဲ့ပင်မအသက်သွေးကြောလို့ပြောလို့ရပါတယ်။ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေသာမရှိတော့ဘူးဆိုရင်ကျနော်တို့ရှမ်းနီလူမျိုးလို့ဝန်ခံဖို့တော်တော်လေးအခက်ဖြစ်သွားနိုင်တယ်ဗျ။အဲ့ဒါကြောင့်ဒီနိုင်ငံရေးအခက်ခဲကြားကအသက်အန္တရာယ်ကြားကဒီရှမ်းနီစာပေယဉ်ကျေးမှုသင်တန်းကိုပြုလုပ်ရတာပါ” လို့ဗန်းမောက်မြို့နယ်ရှမ်းနီစာပေယဉ်ကျေးမှုဥက္ကဌဦးစိုင်းအောင်ကြင်ကရှမ်းနီအသံကိုပြောပါတယ်။
လက်ရှိနိုင်ငံရေးအကြပ်တည်းတွေကြောင့် ရှမ်းနီလူငယ်တွေဟာ ရိုးရာယဉ်ကျေးမှုလုပ်ငန်းတွေပြုလုပ်ရတာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းလာပြီး နိုင်ငံရေး၊ လူမှုရေး စတဲ့ကဏ္ဍအသီးသီးမှလည်း စိန်ခေါ်မှုမျိုးစုံ ရင်ဆိုင်နေရကြောင်း ရှမ်းနီစာပေသင်ကြားရေးဆရာ(မော်ဆွမ်)တစ်ဦးဖြစ်တဲ့ ဆေခွန်ကျော်မှလည်း ပြောပြပါတယ်။
“ ရုံပုံငွေမရှိဘူးလေ။ သင်ထောက်ကူပစ္စည်းလည်းမရှိဘူး။ ရုံးတွေလည်းမရှိဘူးလေ။ ပုံလည်းမဖော်နိုင်သေးဘူးလေအဲ့တာကြောင့်လည်း အားနည်းချက်တွေအများကြီးရှိတယ်။ အားလုံးကလည်း အဆင်မပြေဘူးလေ” လို့သူကပြောပါတယ်။
ဗန်းမောက်မြို့နယ်မှာ ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းယူမှုနောက်ပိုင်း ဒေသတွင်းနိုင်ငံရေးအကြပ်တည်းတွေကြောင့် ရှမ်းနီစာပေ/ယဉ်ကျေးမှု ပို့ချရေးတွေ ၄ နှစ်နီးပါးကြာ ရပ်တန့်ထားခဲ့ရတာပါ။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပဲ ထီးချိုင့်၊ ဝန်းသို၊ ပင်လည်ဘူး၊ ဟုမ္မလင်း ရှမ်းနီမြို့ပြတွေမှာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးရဲ့ စစ်ပွဲတွေကြောင့် ရှမ်းနီတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုလုပ်ငန်းဆောင်တာတွေ ရပ်တန့်နေကြရတာ ၅ နှစ်ကျော်ကြာရှိလာခဲ့ပြီဖြစ်ပါတယ်။