ရှမ်းနီတိုင်းရင်းသူ (၅)ဦး စားသောက်ဆိုင်တွင်အလုပ်လုပ်ရမယ်လို့ဆိုကာ ပြည့်တန်ဆာအိမ်သို့ ပို့ခံရ

ရှမ်းနီအဖွဲ့အစည်းများ သွားရောက်ကယ်တင်ခဲ့လို့ဆို 

၂၀၂၃ ဇွန် ၂၁ ၊ အင်းတော်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ  အင်းအရှေ့ကမ်းရှိ ကျေးရွာတစ်ရွာက  ကျေးရွာသူ(၅)ဦးကို  ဇွန်လ (၁၈) ရက်နေ့တွင် အမျိုးသမီးတစ်ဦးမှ လိမ်လည်ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် တိုက်တွန်းခံခဲ့ရတယ်လို့ ကျေးရွာဒေသခံများထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ   ဇွန်လ ၁၈ ရက်နေ့က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်ရမှာမည်ဟု အင်းတော်ကြီးကန် အရှေ့ကမ်းရှိ  နမ့်မော်ကန်ကျေးရွာသူတစ်ဦးက အဆိုပါကျေးရွာသူ (၅) ဦးကို ပြောဆိုခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ (၅)ဦးက ဖားကန့်မြို့ လုံးခင်းကျေးရွာကို ရောက်တဲ့အချိန်မှာ ဖန်ခါးဆောင် အနီး သီလရှင်ကျောင်းရှေ့မှာကားရပ်ကာ နောက်ထပ်ကားတစ်စီးဖြင့် ဥရုဆွတ်အိန်ရွာက ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ကို ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေဆီကနေသိရပါတယ်။ 

  “ သူတို့က စားသောက်ဆိုင်ဆိုပြီးမှ လာခေါ်သွားတာ တစ်လကိုသုံးသိန်းဆိုပြီးမှ အခုက စပါးရိတ်ကောက်စိုက်ချိန်လည်းမရှိတော့တော့ အားအားနေ ဝင်ငွေလေးပဲရရဆိုပြီး သွားကြတာပါ့ သူတို့ကလမ်းစရိတ်စိုက်ပြီးခေါ်သွားတာ ကားနဲ့လာကြိုသွားတာ ဟိုမှာရောက်သွားတော့ ဟိုအခန်းလို့မထင်ဘူး အနှိပ်ခန်းပဲထင်လိုက်တာ ဒါပေမယ့် စျေးရောင်းဆိုလို့ လာခဲ့တာ အခုဒီလိုအလုပ်မျိုးတော့ မလုပ်နိုင်ဘူးဆိုပြီး ပြောကြတာပေါ့”  ဟု  ဖြစ်စဉ်ကို အသေးစိတ်သိတဲ့  ကျေးရွာဒေသခံတစ်ဦးက ပြောပြပါတယ်။ 

  ဖားကန့်မြို့နယ် လုံးခင်းကျေးရွာကို ရောက်ရှိသွားပြီးနောက် ကျေးရွာသူ(၅)ဦးက  ပြည့်တန်ဆာအလုပ်ကို မလုပ်လိုသောကြောင့် ပြည့်တန်ဆာအိမ်နဲ့ အငြင်းပွားမှုတွေဖြစ်ပွားပြီး အင်းတော်ကြီးဒေသရှိ နီးစပ်ရာ ကျေးရွာလူကြီးများကို ဖုန်းဆက်အကြောင်းကြားကာ အကူအညီတောင်းခံမှုကြောင့် လုံးခင်းကျေးရွာ ရှမ်းနီအဖွဲ့အစည်းများက သွားရောက်ပြန်လည်ခေါ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာ ကိုရောက်ရှိတဲ့ ဇွန်လ (၁၈) ရက်နေ့ ညနေပိုင်းမှာပင် ရှမ်းနီအဖွဲ့အစည်းတွေက  ပြန်လည်သွားရောက်ခေါ်ဆောင်ထိန်းသိမ်းနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

လိမ်လည်ခံရတဲ့ ကျေးရွာသူ(၅)ဦးမှာ  ရှမ်းနီတိုင်းရင်းသူများဖြစ်ကာ အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ အသက်၂၀ဝန်းကျင် အမျိုးသမီး(၂)ဦးနှင့် အသက်၃၀ဝန်းကျင်ရှိ အမျိုးသမီး(၂)ဦးတို့ ပါဝင်ကြပြီး လိမ်လည်ခေါ်ဆောင်သူမှာ အသက်(၂၀)အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ 

  “ ဘယ်ပဲသွားသွားဘယ်ပဲလာလာ မလေ့လာမစုံစမ်းဘဲနဲ့လည်း မသွားခိုင်းစေချင်ဘူး မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေ အလုပ်သွားလုပ်မယ့်နေရာကို မစုံစမ်းမလေ့လာပဲ မလွှတ်ပေးသင့်ဘူးဆိုတဲ့ဟာမျိုးကိုလည်း ပြောချင်တာပေါ့ လွှတ်ပေးလိုက်တဲ့အတွက်ကြောင့် မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ခဲ့တာပေါ့’ဟု  ကျေးရွာဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ 

  အဆိုပါကျေးရွာသူ(၅)​ဦးတို့ကို  လုံးခင်းကျေးရွာမှ ၎င်းတို့၏ကျေးရွာနေအိမ် မိဘများထံသို့ ဇွန်လ၂၀ ရက်နေ့ ညနေ(၃)နာရီအချိန်တွင် သွားရောက်ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပြီး အခုလိုဖြစ်ရပ်ဟာ အင်းတော်ကြီးဒေသမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

https://www.facebook.com/shannivoicenewsjournal/posts/pfbid0pPLRMzAhCyBwfLcrZLend7mPmetn5tF1tqHwcuXT5bzb1CX1Vui9jEtcfq3JGprkl

Leave a Reply

Your email address will not be published. Required fields are marked *