ရှမ်းနီဒေသတွေမှာ ရှမ်းနှစ်သစ်ကြိုဆိုမှုပြင်ဆင်နေကြ 

နိုဝင်ဘာ ၁၉ ၊ ဟုမ္မလင်း 

ရှမ်းနီတိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ ရှမ်းနှစ်သစ် ၂၁၂၀ ခုနှစ်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ည ညသန်းခေါင်မှာ ရှမ်းနှစ်ဟောင်း ၂၁၁၉ ကနေ နှစ်သစ် ၂၁၂၀ ခုနှစ် နှစ်သစ်ကို ကူးပြောင်းမှာပဲဖြစ်ပါတယ်။ 

NUG က သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့နယ်မှာ ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ ရှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်လှူပွဲကို  အခုနှစ်မှာ ပြန်လည်ပြုလုပ်သွားမှာလို့သိရပါတယ်။ 

ပင်လည်ဘူးမြို့နယ်အတွင်းက ရှမ်းနီတိုင်းရင်းသားတွေနေထိုင်တဲ့ တုံးမွန်းကျေးရွာအတွင်းမှာ ပြန်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးဦးဆောင်သူတွေထံကနေ သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ထဲက မောင်းခမ်းစံပြကျေးရွာ ၊ ကတ်သာ ကျေးရွာတွေမှာလည်း နှစ်သစ်ကူးပွဲတော်ကို မနေ့ကစပြီး ကျင်းပပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ 

တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နယ်မှာလည်း ရှမ်းနှစ်သစ်ကူးနဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲလည်းဖြစ်သလို ဗန်းမောက်မြို့မှာ ပွဲတော်ကျင်းပတာ ၁၀ နှစ်ပြည့်နှစ်ပွဲကိုလည်း ဒီနေ့မနက်မှာပဲဖွင့်ပွဲတစ်ရပ်ပြုလုပ်ကျင်းပခဲ့တာပါ။ 

ရှမ်းနှစ်သစ်ကူးနဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲတော်တွေကို  စစ်ကိုင်းတိုင်းအတွင်းမှာ ဟုမ္မလင်း ၊​ဗန်းမောက် ၊ ပင်လည်ဘူး ၊ ကချင်ပြည်နယ်မှာ မိုးညှင်း၊ အင်းတော်ကြီး ၊ မြစ်ကြီးနား ၊ မိုးကောင်း ၊ ဝိုင်းမော် မြို့တွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတွေဟာ မနက်ဖြန် ရှမ်းနှစ်သစ်နေ့မှာ ကောက်ဦးတွေနဲ့ ချက်တဲ့ ဆွမ်းတော်ကို ဘုရားရှင်နဲ့သံဃာတော်ထံကပ်လှူတာ ၊ အလှူဒါနကောင်းမှုကုသိုလ်တွေပြုလုပ်တာ ၊ ရိုးရာ အစားအသောက်တွေမျှဝေတာ ၊ လူကြီးတွေကို ဂါရဝ ပြုတာတွေကို ပြုလုပ်လေ့ရှိကြတာလည်းဖြစ်ပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတွေဟာ ရှမ်းနှစ်သစ်ကူးတွေပြုလုပ်နိုင်ဖို့အတွက် ခေတ်အဆက်ဆက်ကစလို့ ဒီနေ့အထိ ရုန်းကန်နေကြရဆဲလည်းဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *