ရှမ်းနီဒေသ မတည်ငြိမ်မှုတွေကို KIO/KIA ဖန်တီးနေတယ်လို့ SNA ကြေညာချက်ထုတ်

ဖေဖော်ဝါရီ ၁၃ ၊ ဗန်းမောက် 

ရှမ်းနီဒေသတွေအတွင်း မတည်ငြိမ်မှုဖြစ်ပေါ်နေတာတွေဟာ KIO/KIA ဦးဆောင် ဖန်တီးနေတာဖြစ်တယ်လို့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းနီလူမျိုးများနေထိုင်ရာ ဒေသတွင်းမှာဖြစ်တဲ့ အင်းတော်ကြီးဒေသ ၊ ဗန်းမောက်မြို့နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ   မတရား လူသစ်စုဆောင်းတာ ၊  နေအိမ်နှင့်ဘုန်းကြီးကျောင်းဝင်းထဲအထိ ဖမ်းဆီးတာ အပြင် ဖမ်းဆီးသွားတဲ့လူတွေကို ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းတာတွေကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် အခုရက်ပိုင်းအတွင်း ဗန်းမောက်မြို့နယ် ကြောင်လည် ၊ ပင်းခါး ကျေးရွာခံ တွေအပြင်  ပညာရေးဝန်ထမ်းများ ကို မတရားဖမ်းဆီး ခေါ်ဆောင်သွားတာ ၊ ဒေသတွင်းရှိ လယ်ယာလုပ်ငန်းခွင်တွေအတွင်း မိုင်းထောင်ထားတာတွေပြုလုပ်တယ်လို့ SNA က ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။ 

ကြောင်လည်၊ပင်းခါး ခေါ်သွားကြတာ ၊ တချို့တစ်ယောက်နှစ်ယောက်တော့ သူတို့နည်းသူတို့ဟန်နဲ့ ပြန်လာတယ်။ အများစုကတော့ ပင်လည်ဘူး၊ ဗန်းမောက်အစပ်မှာရှိနေတုန်းပဲ၊ ဖုန်းအားလုံးသိမ်းထားတယ်။ ဘာအဆက်အသွယ်မှလုပ်လို့မရဘူး” လို့ ကြောင်လည်ကျေးရွာခံတစ်ဦး နဲ့ နီးစပ်သူက ပြောပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းက ကြောင်လည် နှင့် ပင်းခါး ကျေးရွာသားတွေအား ဖမ်းဆီးခေါ်ထုတ်သွားမှုကို PDF တွေက ဟုတ်မှန်ကြောင်းပြောဆိုထားပြီး မံယူကြီးဒေသက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ နေရာချထားတယ်လို့ သိရပါတယ်။ 

KIA/KIO ဦးဆောင်ပြီး ရှမ်းနီဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ကချင်ပြည်နယ် အောက်ပိုင်းဒေသရှိ မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်တာ၊ ကုန်ပစ္စည်း မတရားအခွန်စည်းကြပ်တာတွေကို လုပ်ဆောင်နေတယ်လို့ SNA က ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *