
မေ ၈ ၊ ဗန်းမောက်
ရှမ်းနီလူငယ်တွေအတွက် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုတွေကို သင်ကြားပေးခဲ့တဲ့ ရက်တိုသင်တန်းတစ်ခုကို ဗန်းမောက်မြို့နယ် မံအင်မကျည်းကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပြီး မေလ (၆) ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဧပြီလ ၂၀ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ (၁၅) ရက်တာသင်တန်းမှာ ရှမ်းနီစာပေ အရေးအဖတ်အပြော အပြင် ယဉ်ကျေးမှုဆိုင်ရာ အကတွေကိုလည်းသင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။
“ မန်ကျည်းကုန်းမှာရှိတဲ့ လူငယ်တွေ ရှမ်းနီစာပေကို ကောင်းကောင်းမွန်မွန်သိစေချင် တတ်စေချင်တဲ့အတွက် ပင့်လို့ လာသင်ပေးတာ ၊ ရှမ်းနီဆရာမတွေလည်းပါတော့ Teaching Method တွေလည်းသင်ပေးခဲ့တယ်။ ဆရာဖြစ်လာရင်လည်း ဆရာတွေရဲ့ လိုအပ်တဲ့ စိတ်နေစိတ်ထားတွေရှိလာဖို့ ၊ ဦးဆောင်ဦးရွက်ပြုတဲ့လူတွေဖြစ်လာစေဖို့ သင်ပေးခဲ့တယ်” လို့ သင်ကြားပေးခဲ့တဲ့ ဆရာ အရှင်နန္ဒာစာရက အခုလိုပြောပြပါတယ်။
သင်တန်းသူ/သင်တန်းသား ၅၀ နီးပါးကို ရှမ်းနီစာပေ တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကတွေကိုလည်း သင်ကြားပို့ချပေးခဲ့တယ်လို့ဆိုပါတယ်။
ဒီသင်တန်းကို မံအင်မကျည်းကုန်းဘုန်းတော်ကြီးကျောင်းနဲ့ မံအင်မကျည်းကုန်းကျေးရွာ လူပျို/အပျိုအဖွဲ့တွေက ပူးပေါင်းပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။
ဒီသင်တန်းမှာ ရှမ်းနီစာပေကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင်ဖို့ ၊ ရိုးရာဓလေ့ယဉ်ကျေးမှု တွေကို နှံ့နှံ့စပ်စပ်သိရှိလာပြီး ထိန်းသိမ်းတတ်ဖို့နဲ့ လူငယ်တွေရဲ့ အသိလိမ္မာ ဉာဏ်ပညာပြည့်ဝဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ပြုလုပ်တာလည်းဖြစ်တယ်လို့ဆိုပါတယ်။