ဇူလိုင် ၁၄ ၊ ဟုမ္မလင်း
ရှမ်းနီလူထု သတ်ဖြတ်ခံနေရမှုနဲ့ သတင်းတု သတင်းမှား ဖန်တီးနေမှုကို SNA က သတိပေးထုတ်ပြန်ချက်တစ်ခု ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရှမ်းနီလူမျိုးတွေ သတ်ဖြတ်ခံနေရမှုကို ပြင်းထန်စွာရှုံ့ချထားပါတယ်။
ဒါ့အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေအလိုက်စစ်ဆင်ရေးတွေမှာလည်း ကိုယ်တိုင်စစ်ကြောင်းမှူးတွေ အပြင် ဒေသတွင်းရှမ်းနီအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA က သမိုင်းကြောင်းဖြစ်တည်မှုနဲ့ ပြည်သူလူထုလိုအပ်ချက်တွေကြောင့် ပေါ်ပေါက်လာတဲ့ တပ်မတော်တစ်ခုဖြစ်ပြီး အခုအခါမှာ နှောက်ယှက်မှုပုံစံမျိုးစုံနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ထိုးနှက်တိုက်ခိုက်နေကြတယ်လို့ဆိုပါတယ်။
အခုအခါမှာ ပြည်သူလူထုတွေ ဝေဝါးစေမယ့် သတင်းတုသတင်းယောင်တွေ လုပ်ကြံဖန်တီးနေတာ ၊ မမှန်မကန်တဲ့ လုပ်ရပ်တွေကို လွဲချဖုံးဖိတာ တွေကို လုံးဝရပ်တန့်ဖို့ပြောဆိုထားပါတယ်။
ဒီတစ်ပတ်အတွင်းမှာပဲ ဖောင်းပြင်မြို့နယ် ဟာပါကျေးရွာတစ်ရွာတည်းက ရှမ်းနီတိုင်းရင်းသားသုံးဦးအသတ်ခံရသတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်း PDFနဲ့ စစ်ကောင်စီ တိုက်ပွဲတွေမှာ SNA က စစ်ကောင်စီဘက်ကနေ ပါဝင်တယ်ဆိုတဲ့ ပြောဆိုမှုတွေက ကောလဟလတွေသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။