ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ထိန်းချုပ်ရာဒေသမှာ ကာကွယ်ဆေးများ ထိုးနှံပေးနေ

ဩဂုတ် ၂၉ ၊ ဗန်းမောက်

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသရှိ ကိုယ်ဝန်ဆောင်မိခင် နဲ့ ကလေးတွေအတွက် ကာကွယ်ဆေးတွေကို ဩဂုတ်လ ၂၈ ရက်နေ့မှ စပြီး စတင်ထိုးနှံပေးနေတယ်လို့ သိရပါတယ်။

ကလေး နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးများထိုးနှံပေးရာမှာ ဆုံစို့နာ၊ ကြက်ညာ၊ အဆုတ်တီဘီ၊ ကျောက်ရောဂါ၊ ပိုလီယိုနှင့် ပန်းနာရင်ကြပ် စတဲ့ရောဂါ ကာကွယ်ဆေးတွေဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှ ၃ ရက်ဆက်တိုက် ထိုးနှံပေးသွားမယ်လို့လည်း သိရှိရပါတယ်။

“ ဆုံစို့နာ၊ ကြက်ညာ၊ အဆုတ်တီဘီ၊ ကျောက်ရောဂါ၊ ပိုလီယို၊ ပန်းနာရင်ကြပ် ခြောက်မျိုး ၊ ၁ နှစ်ကနေ ၅ နှစ်ရယ်၊ ကိုယ်ဝန်ဆောင်တွေရယ် သုံးရက်ထိုးမယ် ဟုတ်ကဲ့။ ကလေးကာကွယ်ဆေးက သုံးရက် ထိုးပေးမယ်ဗျ။ ဗန်းမောက် အနောက်ခြမ်း အရှေ့ကုန်းကျေးရွာ ဓမ္မာရုံမှာ” လို့ SNA ရဲ့ ကျန်းမာရေးမှူးက ပြောပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသရှိ အရှေ့ကုန်းကျေးရွာ ဓမ္မာရုံတွင် ထိုးနှံပေးသွားမှာဖြစ်ပြီး အနောက်ပိုင်းဒေသရှိ မံစီဒေသစိတ်က ကျေးရွာ ၃၁ ကျေးရွာ ၊ မံအင်ဒေသစိတ်အတွင်းက ကျေးရွာ ၁၁ ရွာ က ကလေးနဲ့ မိခင်တွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။​

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးများ ထိုးနှံနိုင်ဖို့ ကူညီမှုတွေ ရှိခဲ့ပေမယ့်လည်း ၎င်းထိန်းချုပ်ရာဒေသမှာ ယခုလို ကာကွယ်ဆေး ထိုးနှံပေးတာဟာ ဆုံးအကြိမ် ဖြစ်တယ်လို့လည်း လေ့လာသိရှိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မငြိမ်သက်မှုတွေကြောင့် ကလေးငယ်များ ကာကွယ်ဆေးအပါအဝင် ဆေးဝါးသယ်ယူပို့ဆောင်ဖို့နဲ့ ဆေးထိုးနှံဖို့တွေကို မလုပ်ဆောင်ခဲ့ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကာကွယ်ဆေးထိုးနှံဖို့အတွက် ဗန်းမောက်ဒေသခံတွေဟာ မြို့နယ်ပတ်ဝန်းကျင်က အင်းတော်မြို့နယ်၊ ကသာမြို့နယ် နဲ့ မိုးညှင်းမြို့နယ်တွေက မြို့နယ်ကျန်းမာရေးဌာနတွေမှာ ကလေးကာကွယ်ဆေးသွားရောက်ထိုးနှံခဲ့ကြရပေမယ့် လမ်းခရီးအခြေအနေတွေကြောင့် အများစု မထိုးနှံနိုင်ခဲ့ကြပါဘူး။

မိခင်နဲ့ ကလေးငယ်တွေဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်းမှာမှ လူမှုအရေးအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကြောင့် SNA က ဆေးသယ်ယူမှုအပိုင်းမှာ တာဝန်ယူပေးခဲ့ကာ ကလေးနှင့် မိခင် တစ်ထောင်ကျော်သာ ထိုးနှံခဲ့ရတာဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ မြို့နယ် ဆေးရုံ နှင့် ကျေးလက်ကျန်းမာရေးဌာန  ၊ ဌာနခွဲ စုစုပေါင်း (၄၄) ခုရှိပြီး တစ်မြို့လုံး ဆရာဝန် (၂) ဦး သူနာပြုဆရာမ (၁၆) ဦး ၊ လက်ထောက်ကျန်းမာရေးမှူး (၅) ဦးရှိတယ်လို့ မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *