ရှမ်းနီအသံမှ ကျင့်သုံးနေသည့် သတင်းခန်းမူဝါဒ နှင့် ကျင့်ဝတ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ။
၁။ သတင်းမလိုက်မီ အယ်ဒီတာနှင့်တိုင်ပင်ရမည်။ အထူးသဖြင့် ဆောင်းပါး၊ အင်တာဗျူးများရေးလိုလျှင် အယ်ဒီတာနှင့်တိုင်ပင်၊ ခွင့်ပြုချက်တောင်း ပြီးမှသာ ဆက်လိုက်၊ ဆက်ရေးရမည်။ (သတင်းလိုက်စရာမရှိလျှင် အယ်ဒီတာနှင့် တိုင်ပင်ရမည်။)
(က) သတင်းထောက်လုံခြုံရေးသည် အရေးကြီးသည်။ သတင်းမလိုက်မီတွင် လိုအပ်ပါက လုံခြုံရေးနှင့်ပတ်သက်၍ အယ်ဒီတာ သို့မဟုတ် အတွေ့အကြုံရှိ သတင်းထောက်နှင့် ကျရောက်နိုင်သည့် အန္တရာယ်များကို ရေးမှတ်ဆွေးနွေးကာ ကျော်လွှားနိုင်မည့်နည်းလမ်းများကို ရှာဖွေပြီးဖြစ်ရမည်။ သတင်းရယူဆောင်ရွက်ရင်း ပြဿနာတစုံတရာရှိပါက ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပြီး သက်ဆိုင်ရာ အယ်ဒီတာ သို့မဟုတ် စီနီယာသတင်းထောက်ကို အချိန်မီ သတင်းပို့ အသိပေးအကြောင်းကြားရမည်။
(ခ) သတင်းစာတိုက်တွင်း အကြီးတန်းသတင်းထောက်နှင့် အခြားသတင်းထောက်များကြား ဆွေးနွေးညှိနှိုင်းခြင်း၊ တည့်မတ်ခြင်း၊ စည်းရုံးဆွဲခေါ်ခြင်း၊ အပြန်အလှန်ထောက်ကူခြင်း၊ အားပေးချီးမြှောက်ခြင်းတို့ကို အတတ်နိုင်ဆုံး ဆောင်ရွက်ရမည်။ သတင်းထောက်တွင် အခက်အခဲရှိပါက အယ်ဒီတာနှင့် ပွင့်ပွင့်လင်းလင်း အဆောလျင်ဆုံး ဆွေးနွေးညှိနှိုင်းရမည်။
၂။ သတင်းစာရှင်းလင်းပွဲ၊ လူအများ စုသွားမည့် သတင်းဖြစ်ရပ်များသို့ သွားသည့်အခါတွင် တခြားဂျာနယ်၊ သတင်းစာများမှ သတင်းထောက်များနှင့် လမ်းကြုံလျှင်အတူသွားရမည်၊ ဖြစ်နိုင်ပါက သတင်းစာတိုက်အတွက် ထူးခြားသော သတင်းရှုထောင့်ရှိ သတင်းတပုဒ်ရရှိရန် မေးခွန်းတခု (တခုထက်ပို၍) မေးနိုင်ရန် ကြိုးစားခဲ့ရမည်။ ပုံမှန်အခြေအနေတွင် သတင်းလိုက်သောအခါ အခြားတိုက်မှ သတင်းထောက်များနှင့်အတူ သတင်းသွားမယူရ။
၃။ အရေးပေါ်အခြေအနေ (ဥပမာ- တိုက်ပွဲသတင်း၊ မုန်တိုင်းသတင်း၊ ပဋိပက္ခဖြစ်နေစဉ်၊ မီးလောင်နေစဉ် လူအများစုနှင့် ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသောအခြေအနေတွင် သတင်းထောက်မှန်းသိသာစေရန် မိခင်တိုက်ကပေးထားသော သတင်းထောက်ကတ်နှင့် ဖြစ်နိုင်ပါက PRESS အမှတ်အသားပါ ဝတ်စုံ သို့မဟုတ် ကတ်ပြားကို မဖြစ်မနေဆွဲထားရပါမည်။
၄။ သတင်းထောက်သည် သတင်းအဖြစ် ရှာဖွေစုဆောင်းထားသမျှ အချက်အလက်များကို ကိုယ်ပိုင် Facebook၊ တွစ်တာနှင့် ဝက်ဘ်ဆိုဒ်များတွင် မိခင်သတင်းဌာနက အသုံးမပြုရသေးမီ တင်ဆက်ခြင်း၊ မျှဝေခြင်း (post/share) လုပ်ခွင့်မရှိပါ။
၅။ သတင်းရင်းမြစ်များထံမှ သတင်းရယူသည့်အချိန်တွင် ရှမ်းနီအသံသတင်းဌာနမှ သတင်းထောက်ဆိုသည်ကို သိအောင်လုပ်ပြီးမှသာ သတင်းယူရမည်။ ခြိမ်းခြောက်ပြီး၊ လိမ်ပြီး သတင်းမယူရ၊ ငွေကြေးတံစိုးလက်ဆောင် လုံးဝမယူရ။ သတင်းထောက်အရှိန်အဝါကို ကိုယ်ကျိုးအတွက် အလွဲသုံးစားမပြုရ။
ဖြည့်စွက်ချက်။ တံစိုးလက်ဆောင်ဆိုရာတွင် ပွဲ သို့မဟုတ် သင်တန်း သို့မဟုတ် အလုပ်ရုံဆွေးနွေးပွဲများတွင် အများကိုပေးသာ ယဉ်ကျေးမှုအရ ငြင်းရခက်သော လက်ဆောင်များကိုမူ ယူနိုင်သော်လည်း သတင်းမီဒီယာနှင့်မသက်ဆိုင်သည့် အခြားအခွင့်အရေးတောင်းဆိုမှုအတွက် ထုတ်လုပ်ထားသော အဝတ်အထည်နှင့် ပစ္စည်းများကို သတင်းမီဒီယာသမားအနေနှင့် သုံးစွဲခြင်း၊ အသိအမှတ်ပြုခြင်းကို လုံးဝမပြုလုပ်ရ။ တန်ဖိုးကြီးသော ဥပမာ- လက်ကိုင်ဖုန်းနှင့် အလားတူပစ္စည်းများကို အများကိုပေးသောအခါတွင် သတင်းထောက်အနေနှင့် ပုဂ္ဂိုလ်ရေးအတွက်ယူခြင်းထက်စာလျှင် လုပ်ငန်းအတွက် အသုံးတည့်သည်များကို မိခင်တိုက်အတွက် ယူ၊ မယူကိစ္စကို သက်ဆိုင်ရာ အယ်ဒီတာ သို့မဟုတ် စီမံခန့်ခွဲသူတဦးဦးနှင့် တင်ကြိုတိုင်ပင်ရမည်။ (မဖြစ်မနေယူရလာပါကလည်း သက်ဆိုင်ရာအယ်ဒီတာ သို့မဟုတ် စီမံခန့်ခွဲသူတဦးဦးကို အသိပေးရမည်)။
၆။ သတင်းရယူရန် ရည်ရွယ်ချက်ဖြင့် အခမ်းအနားတက်သည့်အခါ ကံစမ်းမဲ လုံးဝမနှိုက်ရ၊ အရက်၊ ဘီယာ လုံးဝမသောက်ရ။
ဖြည့်စွက်ချက်။ သတင်းရယူနေချိန်တွင် သတင်းထောက်သည် ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ။
၇။ အလုပ်ချိန်အတွင်း အရက်၊ ဘီယာ၊ ခေါင်ရည်၊ ဝိုင်နှင့် မူးယစ်စေသောအရာများ လုံးဝမသောက်ရ၊ မသုံးဆောင်ရ။ ရုံးသို့ မူးပြီးမလာရ။
၈။ သတင်းယူသောအခါ အင်တာဗျူးသောအခါ ခွင့်တောင်းပြီးမှသာလျှင် အသံဖမ်းပါ၊ ဓါတ်ပုံရိုက်ပါ။ လူအများစုမြင်ရသော အများပြည်သူနှင့်သက်ဆိုင်သည့်နေရာ (Public Area) တွင် ဓါတ်ပုံရိုက်ပါက ခွင့်ပြုချက်တောင်းစရာမလို။ သို့သော် လူကိုရိုက်မည်ဆိုပါက Public Area ထဲတွင်ဖြစ်စေ တတ်နိုင်လျှင်ခွင့်တောင်းပါ။
ဖြည့်စွက်ချက်။ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင် ကျင်းပသည့် လှုပ်ရှားသည့်ပွဲဖြစ်သော်လည်း မိခင်တိုက်တွက် သတင်းဓာတ်ပုံအဖြစ် သုံးရန်ရည်ရွယ်ပါက ခွင့်ပြုချက်တောင်းရမည်။
၉။ သတင်းလိုက်သည့်အခါ သတင်းထောက်သည် အခြေအနေအချိန်အခါလိုက် ဝတ်စားဆင်ယင်မှုကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ။
ဖြည့်စွက်ချက်။ ဝတ်စားဆင်ယင်မှုဆိုရာ၌ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ဘာသာသာသနာ ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် နေရာဌာနများတွင် သင့်လျော်သလို ဝတ်စားဆင်ယင်ရမည်၊ ဖိတ်ကြားထားသောပွဲအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဝတ်စုံများကိုလည်း တတ်နိုင်သမျှလိုက်နာကာ ဝတ်ဆင်ကြရမည်။
ဝတ်စားဆင်ယင်မှုသည် ပထမပုံရိပ်ဖြစ်သည့်အတွက် အရေးကြီးသလို သတင်းထောက်သည် သတင်းထောက်နှင့်လျော်ညီသည့် အပြုအမူနှင့် အပြောအဆို (ဟန်ပန်၊ လေသံ) လိုအပ်သည်၊ တတ်ကျွမ်းနားလည်ထားရမည်။
၁၀။ သတင်းတပုဒ်ရေးရာတွင် သတင်းရင်းမြစ်သည် သတင်းတန်ဖိုးကြီးမားသူဖြစ်ပြီး အမြန်ထုတ်လွှင့်တင်ဆက်ရမည့် သတင်းမှလွဲ၍ နှစ်ဘက် သို့မဟုတ် ယင်းထက်ပိုသော သဘောထားအမြင်များ ရေးသားရမည်။ (ပြဿနာနှင့် ပဋိပက္ခသတင်းများ၊ အကဲဆတ်သောသတင်းများတွင် နှစ်ဘက် သို့မဟုတ် ယင်းထက်ပိုသော သဘောထားအမြင်များ စုံလင်စွာဖြင့် ဘက်စုံထောင့်စုံတင်ပြရမည်။)
ဖြည့်စွက်ချက်။ သတင်းအတွက် သတင်းရင်းမြစ်တွင် အမျိုးသမီးသတင်းရင်းမြစ်များကို အတတ်နိုင်ဆုံး ၃၀ ရာခိုင်နှုန်းပါရှိအောင် ထည့်သွင်းအသုံးပြုရမည်၊ အမျိုးသမီးသတင်းရင်းမြစ်ကို အမျိုးသမီးရေးရာကိစ္စတွင်သာမကဘဲ လုံခြုံရေး၊ မူဝါဒရေးရာများ အပါအဝင် သတင်းတိုင်းအတွက် ထည့်သွင်းအသုံးပြုရန်ကို ဆိုလိုသည်။
သတင်းအရင်းမြစ်များကို မေးမြန်းပြောဆို ချဉ်းကပ်ရာတွင် အမျိုးသမီး၊ အမျိုးသား၊ အစိုးရ၊ လွှတ်တော်၊ ခေါင်းဆောင်၊ နောက်လိုက်၊ အုပ်ချုပ်သူ၊ သာမန်ရွာသူရွာသား နေရာအနေအထားအလိုက် ခွဲခြားဆက်ဆံခြင်းမပြုရ။
၁၁။ သတင်းစာရှင်းလင်းပွဲသတင်းယူသည့်အခါ အခြားသတင်းထောက်မေး၍ရသည့်အဖြေကို ရှမ်းနီအသံသို့ ပြောသည်ဟုမရေးပါနှင့်၊ ကိုယ်ကမေး၍ဖြေမှသာ ရေးချင်ရေးနိုင်သည်။
၁၂။ ရှမ်းနီအသံသို့ ပြောသည်ဆိုသောအသုံးအနှုန်း၊ အရေးအသားကိုအကြောင်းအရာ အရေးကြီးလျှင် ဖြေဆိုသူအရင်းအမြစ်မှာ မီဒီယာသို့ အပြောနည်းသူဖြစ်၍ အခြားသူမရဘဲ ကိုယ်တစ်ဦးတည်းသာဖြစ်ရင် သီးသန့်တွေ့ထားလျှင်သာရေးသားပါ (အမြဲမသုံးပါနှင့်)။
၁၃။ သတင်းရေးသည့် ရက်ကိုသာ ရက်စွဲတပ်ရမည်။
၁၄။ အရေးကြီးသောသတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ အကဲဆတ်သောသတင်းများတွင် မျှတမှု၊ ပြည့်စုံမှုအတွက် သတင်းအရင်းအမြစ်များထံမှ အချက်အလက်၊ ပြောစကားများကိုအသုံးပြုသောအခါ လိုသည်ကိုသာကွက်၍ယူခြင်းကို (အပျက်သဘော၊ ပြဿနာကြီးထွားစေသောစကား) သတိပြုပါ၊ ကိုးကားစကားများကို တည်းဖြတ်သုံးစွဲသောအခါ အတတ်နိုင်ဆုံး အရင်းအမြစ်သည်ပြောသည်များကို ကုံလုံပြည့်စုံအောင် ကြိုးပမ်းပါ။ သတင်းနှင့်သက်ဆိုင်သော သတင်းအရင်းအမြစ်အားလုံး မျှတစွာထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို တန်ဖိုးထားပါ။
၁၅။ သတင်းရင်းမြစ်က တရားဝင် (on the record) ပြောကြားသည်များကို တတ်နိုင်သမျှ သတင်းတိုင်းတွင် ၎င်းအမည်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ကိုးကားဖော်ပြရမည်။ သတင်းရင်းမြစ်အတွက် အန္တရာယ်ဖြစ်စေလောက်သည်ဟု အယ်ဒီတာက ယူဆ၍သော်လည်းကောင်း၊ သတင်းရင်းမြစ်ကိုယ်တိုင်က တောင်းဆို၍သော်လည်း ခိုင်လုံသည့်အကြောင်းရင်းရှိလျှင် သတင်းရင်းမြစ်အမည်နှင့် သက်ဆိုင်သည်များကို တိုက်ရိုက်ကိုးကား သုံးစွဲခြင်းမပြုရ။ သတင်းရင်းမြစ်ကို မြှုပ်နှံပြီး သတင်းအချက်အလက်ကို သုံးစွဲခဲ့သော်လည်း ပြဿနာတစုံတရာကြောင့် သက်ဆိုင်ရာ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းက သတင်းရင်းမြစ်ကို ထုတ်ဖော်ပေးရန် တောင်းဆိုလာခဲ့သည်အခါတွင် အယ်ဒီတာသည် ကျင့်ဝတ်အရ သတင်းရင်းမြစ်ကို မဖော်ထုတ်ရ။
၁၆။ အရင်းအမြစ်က အလွတ်သဘော (off the record) ပြောသည်များမရေးပါနှင့်။ အရက်ဝိုင်း၊ ဘီယာဝိုင်း၊ လက်ဖက်ရည်ဝိုင်းနှင့် အခြားမည်သည့်နေရာတွင်မဆို အလွတ်သဘောပြောသည့်အချက်အလက်များကို သတင်း၊ သတင်းဆောင်းပါးတွင် သုံးစွဲခြင်းမပြုရ၊
(မှတ်ချက်- ပြောစကားကိုသဘောကျလွန်း၍ အသုံးပြုမည်ဆိုလျှင် တရားဝင်ခွင့်ပြုချက် တောင်း၍သာရေးပါ။)
၁၇။ ပြဿနာတက်နိုင်သော အရေးကြီးသတင်းများတွင် သတင်းယူစဉ်ကရရှိထားသော အချက်အလက်များ ထိမ်ချိန်ထားလိုလျှင် အယ်ဒီတာကိုအသိပေးရမည်၊ တိုင်ပင်ရမည်။
ဖြည့်စွက်ချက်။ အပြန်အလှန်အားဖြင့် သတင်းထောက်က ချိန်ညှိပြီး ရေးသားထားသော သတင်းများကို အယ်ဒီတာအား တင်ကြိုရှင်းပြပြီးဖြစ်လျှင် အယ်ဒီတာသည် အဓိပ္ပာယ်ကွဲပြားအောင် ထပ်မံမပြင်ဆင်ရ။
၁၈။ သတင်းရေးသားရာတွင် အခြားသတင်းထောက်နှင့် အခြားတသင်းဌာနများ၏ သတင်းကိုကူးမချရ၊ မဖြစ်မနေ ကိုးကားရမည်ဆိုလျှင် အယ်ဒီတာနှင့်တိုင်ပင်ပြီး အသိအမှတ်ပြုမှု (credit) ပေးရမည်။
၁၉။ သတင်းထုတ်ပြန်ချက်များကို ရေးသားသောအခါ ထုတ်ပြန်ချက်သက်သက်အပြင် ပြင်ပကိုမေးမြန်ရယူထားသော အချက်အလက်များ၊ နောက်ခံဖြစ်ရပ်များ၊ ထင်မြင်ချက်များ၊ သဘောထားအမြင်များ ဖြည့်စွက်ရေးသားရမည်။
၂၀။ သတင်းရေးသားဖော်ပြပြီးနောက် သတင်းအရင်းအမြစ်က ကျေးဇူးတင်လွန်း၍ဆိုကာပေးသော မည်သည့်လက်ဆောင်ကိုမျှ ယူခွင့်မရှိ။
၂၁။ သတင်းရေးသားဖော်ပြအပြီး ပြဿနာတက်လျှင် သတင်းထောက်သည် ကိုယ်တိုင်မဖြေရှင်းရ၊ အယ်ဒီတာကို အသိပေးရမည်၊ လမ်းညွန်ချက်ယူရမည်၊ ဖြေရှင်းခိုင်းရမည်။
၂၂။ သတင်းခန်းအဖွဲ့ဝင်များသည် ဖေ့စ်ဘုတ်၊ တွစ်တာစသော လူမှုမီဒီယာကွန်ရက်များအသုံးပြုရာတွင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစသည်များနှင့်ပတ်သက်၍ အစွန်းရောက်သောအပြောအဆို၊ အရေးအသားများကို ရှောင်ကြဉ်ရမည်။ ရိုင်းစိုင်းသောအသုံးအနှုန်း၊ အရေးအသားနှင့် အပြောအဆိုများသည် မိမိကိုယ်တိုင်နှင့် မိခင်သတင်းတိုက်၏ ဂုဏ်သိက္ခာကျဆင်းစေမည်ဖြစ်သည့်အတွက် ရှောင်ကြဉ်ရမည်။
၂၃။ သတင်းအရင်းအမြစ်ဖြစ်သော လူ၊ အဖွဲ့အစည်း၊ ပါတီများက ခရီးစရိတ်အကုန်ကျခံ၍ တခြားဒေသသို့သွားပြီး သတင်းရယူရမည့်ကိစ္စများတွင် အယ်ဒီတာ၏တင်ကြိုခွင့်ပြုချက်ဖြင့်သာ သွားရမည်။ သတင်းထောက်အတွက် အသုံးစရိတ်ပေးပါက မယူရ၊ ရုံးစရိတ်ဖြင့်သာ သုံးရမည်။
ဖြည့်စွက်ချက်။ နိုင်ငံရေးပါတီ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် မိမိအစီအစဉ်၊ ကုန်ကျစရိတ်ဖြင့်သာ လိုက်ပါမည်။ သတင်းရေးသားမှုအားလုံးသည် အယ်ဒီတာ၏ အဆုံးအဖြတ်ဖြစ်သည်။
၂၄။ သတင်းထောက်သည် ပြည်တွင်းပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ ဟောပြောပွဲများတက် ရောက်ရန် အမှုဆောင်အယ်ဒီတာများထံ ကြိုတင်သဘောတူခွင့်ပြုချက်ရယူရမည်။ သဘော တူညီချက် ရယူထားသူများသည်သာ ယင်းရက်များကို အလုပ်လုပ်သည့်ရက်အဖြစ် လစာတောင်းခံခွင့် ရှိမည်ဖြစ်သည်။
၂၅။ လူနည်းစုများ၊ အမျိုးသမီးများ၊ အခွင့်အရေးအုပ်စုများ (ဥပမာ- LGBTQIA)၊ ကလေးသူငယ်များ (အသက် ၁၆ နှစ်အောက်) နှင့် မသန်စွမ်းများအကြောင်း သတင်းများရေးသားရာတွင် သတိထားရမည့် အသုံးအနှုန်းများနှင့်ပတ်သက်၍ မရှင်းလင်းပါက အယ်ဒီတာသို့ မေးမြန်းရမည်၊ အယ်ဒီတာက ညွှန်ကြားလျှင် သက်ဆိုင်ရာ ကိုယ်စားပြုသူများအား မေးမြန်းရမည်။
ကလေးသူငယ်များနှင့်ပတ်သက်လျှင် အထူးသတိထားရမည်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့်သတင်းများ ရေးသားဖော်ပြမည်ဆိုပါက ဓာတ်ပုံဆိုလျှင် မျက်နှာမပေါ်လွင်စေရ၊ မသိသာမထင်ရှားစေရ။ သတင်းရေးသားရန် မေးမြန်းပြောဆိုမှုများတွင် မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ တင်ကြိုခွင့်ပြုချက်ကို ရယူရမည်။ အကျိုးဆက်ကြီးမားနိုင်သော အရေးကြီးသတင်းများအတွက် စာဖြင့် ခွင့်ပြုချက် သို့မဟုတ် အသံသွင်းမှတ်တမ်း ရယူထားရမည်။
၂၆။ သတင်းရင်းမြစ်များ၏ အမည်နှင့် ရာထူးအခေါ်အဝေါ်များ၊ သက်ဆိုင်သည့်ရည်ညွှန်းချက်များကို ဖော်ပြသုံးစွဲရာတွင် အစိုးရ၊ စစ်တပ်နှင့် ပင်မရေစီးထဲမှ သတင်းမီဒီယာများက မည်သည့်စည်းကမ်းနှင့် အခေါ်အဝေါ်များ ချမှတ်သုံးစွဲသည်ဖြစ်စေ ရှမ်းနီအသံသည် တိုင်းရင်းသား မီဒီယာတခု ဖြစ်သည့်အားလျော်စွာ မိမိတို့ သတင်းဌာန၏ဆုံးဖြတ်ချက်အတိုင်းသာ ခေါ်ဝေါ်သုံးစွဲမည်ဖြစ်သည်။
၂၇။ မိမိတို့ ရှမ်းနီသတင်းဌာနအပါအဝင် ရှမ်းနီမျိုးနွယ်စုအတွက် အခေါ်အဝေါ်ကို ရှမ်းနီဟုသာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် သုံးစွဲမည်။
၂၈။ ရှမ်းနီမျိုးနွယ်စု၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာကို ထိခိုက်နစ်နာ အကျိုးယုတ်စေမည့် အမည်၊ ကလောင် အမည်၊ အခေါ်အဝေါ်နှင့် အသုံးအနှုန်းများကို ရှမ်းနီသတင်းဌာနတွင် သုံးစွဲဖော်ပြခြင်းမပြုရ။
(၁) သတင်းထောက်အဖြစ် လူသိပြီး Facebook အကောင့်ကို မည်သို့သုံးမည်နည်း။
– သတင်းစာတိုက်၏မူဝါဒကို လိုက်နာရမည်။
– တိုက်၏ ပုံနှိပ်နှင့် အွန်လိုင်း (ဖေ့စ်ဘုတ်နှင့် ဝက်ဘ်ဆိုက်) တွင် တင်ရမည့် ဓာတ်ပုံနှင့် သတင်းများကို မိမိ Facebook တွင် အလျှင်မတင်ရ။
– အွန်လိုင်းပေါ်တွင် သတင်းထောက်တဦးနှင့်အညီ လျော်ညီစွာပြုမူနေထိုင်ရမည်၊ (မဆဲရ၊ မနောက်ရ၊ အတည်အတံ့သာ ပြောဆိုတုံ့ပြန်ရမည်)။
– မိမိသတင်းဌာနမှ မဟုတ်သည့် အခြားသူများ၏ သတင်းအမှားများ မရှယ်ရ။ လိုအပ်၍ ရှယ်မည်ဆိုပါက သေချာစိစစ်ပြီးမှ ရှယ်ပါ။
– အခြားမီဒီယာများ၊ လူပုဂ္ဂိုလ်များ၏ သတင်းများရှယ်မည်ဆိုလျှင် ယင်းမီဒီယာ၊ လူပုဂ္ဂိုလ်၏ သတင်းသာဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြရမည့်အပြင် မိမိသတင်းဌာနအာဘော်မဟုတ်ကြောင်း အသိပေးရမည်။
– မိမိအနေနှင့် ပြောချင်ရေးချင်သည်များရှိပါက မိမိအမြင်ဖြစ်ပါသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြရမည်။
– အွန်လိုင်းတွင် တဦးတယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတုံ့ပြန်လာပါက အလားတူမတုံ့ပြန်ရ၊ သို့သော် သတိကောင်းစွာထားပြီး ရှင်းလင်းပြောဆိုနိုင်သည်၊ တင်းတင်းမာမာတုံ့ပြန်လိုပါက အနီးဆုံးအထက်လူကြီးနှင့် ဦးစွာတိုင်ပင်ရမည်။
(၂) သတင်းစာတိုက်/သတင်းဌာန Page Admin ဖြစ်သူများ လိုက်နာရန်
– အယ်ဒီတာက ခွင့်ပြုမှ တင်ရမည်။ (ပဋိပက္ခ၊ မူဝါဒရေးရာ၊ ကြီးကျယ်သွားနိုင်သည့်ကိစ္စ၊ ပုဂ္ဂိုလ်ရေးထိခိုက်နိုင်သည့်ကိစ္စများ စသည်ဖြင့် အကျိုးဆက်ရှိနိုင်သည့်ကိစ္စများတွင် သက်ဆိုင်ရာအယ်ဒီတာနှင့် မဖြစ်မနေ တိုင်ပင်ရမည်။)
– သတင်းဓာတ်ပုံများ၊ သတင်းဗီဒီယိုနှင့် သာမန်ပွဲသတင်းများကို Admin အားလုံးတင်နိုင်သည်။ (အခမ်းအနားများ၊ ရိုးရာပွဲတော်များ၊ ဖျော်ဖြေရေး၊ ဆန္ဒပြပွဲများ၊ သတင်းစာရှင်းလင်းပွဲ စသည်)။
– ပေ့ချ်မှာတင်မည့် သတင်းကို မတင်မီတွင် အခြားသတင်းထောက် သို့မဟုတ် အယ်ဒီတာတစ်ယောက်ကို ဒုတိယအမြင်အဖြစ် ဖတ်ရှုစေရမည်။ ( နီးစပ်သည့် လုပ်ဖော်ကိုင်ဘက်တစ်ဦးကို ဖတ်ခိုင်းရန်)။
– ပေ့ချ်နဲ့ ပတ်သက်၍ အထူးသဖြင့် အနုတ်သဘော ပြောဆိုတုံ့ပြန်မှုတခုခုကို ကြားသိမြင်တွေ့သည်နှင့် (တိုက်ခိုက်သည့်စကားလုံးများ) အယ်ဒီတာကို ချက်ချင်းပြောပြရမည်။
– ပေ့ချ်ကိုင်သူသည် ဆိုက်ဘာလုံခြုံရေးအတွက် ပေါ့လျော့မှုမရှိစေရန် (အကောင့်ဟတ်မခံရအောင်) အထူးသတိထားရမည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ တွင် Internews မှ ဦးမျိုးသာထက်နှင့် ရှမ်းနီအသံ အယ်ဒီတာချုပ် ၊ အယ်ဒီတာ ၊ သတင်းထောက်များ ၊ ရုံးမန်နေဂျာ မူကြမ်းဆွေးနွေးရေးသားကြီး ၂၀၁၇ ခုနှစ်တွင် ဒီဇင်ဘာ နှစ်ကုန် အစည်းအဝေးတွင် အတည်ပြုထားသည်။