
နည်းပညာတိုးတက်လာသည့်ခေတ်စနစ်ထဲတွင် သမားရိုးကျ မီဒီယာများအစား သတင်းမီဒီယာများ၏ ပုံသဏ္ဍန်များလည်း ပြောင်းလဲလာသည်။ တစ်ချိန်က ရှမ်းနီအသံသည် ဂျာနယ်ထုတ်ဝေခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်က “ ရှမ်းနီခေတ်” သတင်းဂျာနယ်ကို ကနဦးထုတ်ဝေခဲ့ကြသည်။ ထိုအချိန်က ရှမ်းနီဒေသများသည် တစ်နယ်နှင့် တစ်နယ်၊ တစ်ဒေသနှင့် တစ်ဒေသ ကူးလူးဆက်ဆံပြောဆိုမှုများ ခက်ခက်ခဲခဲပင်ဖြစ်သည်။ ရှမ်းနီဂျာနယ်မှ ဝေးကွာနေသည့် ရှမ်းနီဒေသ ၊ ရှမ်းနီလူမျိုးများကို စေ့စပ်ပေးလိုက်နိုင်ခဲ့သည်။ ရှမ်းနီဒေသကို အပိုင်းသုံးပိုင်းခွဲခြားထားသည်။ အနောက်မြစ်ရိုး ဟုဆိုသည့် ချင်းတွင်းမြစ်တစ်လျှောက်နေထိုင်ကြသည့် ရှမ်းနီများ ၊ သံလမ်းရိုးဟုခေါ်သည့် ကောလင်း၊ဝန်းသို ၊ အင်းတော် ၊ မိုးညှင်း၊မိုးကောင်း၊ အင်းတော်ကြီး ၊ မြစ်ကြီးနား ဖားကန့် အထိ နဲ့ ဧရာဝတီရိုးလို့ဆိုသည့် ခတ်ချို၊ ဝိုင်းမော် ၊ ဆင်ဘို ၊ တာလော ၊ မံစီ၊ မိုးမောက် ၊ ရွှေကူ ၊ဗန်းမော် စသည့်မြို့တို့ဖြစ်သည်။ ရှမ်းနီစကားများသည် လည်း နှစ်ပေါင်းများစွာဝေးကွာနေခြင်းကြောင့် တစ်ဒေသနှင့်တစ်ဒေသ ပြောဆိုပုံများမတူညီကြပေ။ သို့သော်လည်းအခြေခံအားဖြင့် တူညီကြသည်။ ရှမ်းနီဂျာနယ်က မတူညီမှုများကို တစ်ဖက်တစ်လှမ်းပေါင်းစပ်ပေးနိုင်ခဲ့သလို အချင်းချင်းပိုနီးကပ်လာအောင် စေ့စပ်ပေးနိုင်ခဲ့သည်။ ဒါ့အပြင် ရှမ်းနီအသံ၏ ရည်ရွယ်ချက်ဖြစ်သည့် ရှမ်းနီလူမျိုးများ၏ အသံများကိုလည်း တစိုက်မတ်မတ်ဖော်ထုတ်ပေးနိုင်ခဲ့သည်။
အတိတ်ကာလထဲတွင် ရှမ်းနီအသံသည် ရှမ်းနီဒေသ နှင့် လူမျိုးတို့၏ အသံများကို ဖော်ထုတ်မှုများကိုဆောင်ရွက်ခဲ့သည်။ ရှမ်းနီအသံအနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာတစ်ခုဖြစ်သည်နှင့်အညီ ရှမ်းနီဒေသတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများ ၊တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးများကိုလည်း ပညာပေး၊ အသိပေး စသည့်ကဏ္ဍများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ လက်ရှိသည် AI ဉာဏ်ရည်တု နည်းပညာခေတ်ထဲကို ရောက်ရှိလာခဲ့ပြီ။ AI နည်းပညာတိုးတက်မှုသည် တစ်ဖက်တွင် အန္တရာယ်ရှိနေသော်လည်း တစ်ဖက်တွင်လည်း ကောင်းကျိုးများစွာရှိနေသည်။ သတင်းမီဒီယာ လုပ်ငန်းများအတွက် ကောင်းမွန်သည့်အချက်များစွာလည်းရှိသည်။ ရှမ်းနီအသံအနေဖြင့် ရှမ်းနီတိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှုများကို AI နည်းပညာများဖြင့် ပြန်လည်ပုံဖော်သည့် လုပ်ငန်းများကိုလည်း ရှမ်းနီအသံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်လျက်ရှိနေသည်။ သမိုင်း၊ယဉ်ကျေးမှုများကိုဖော်ထုတ်ထိန်းသိမ်းခြင်းများသည် ရှမ်းနီလူမျိုးအတွက်သာမက မြန်မာနိုင်ငံအထက်ပိုင်းအတွက်လည်း အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။
“လွတ်လပ်သည့် သတင်းဌာနများ” ရပ်တည်ရေးသည် ခက်ခဲသည်။ ထို့ထက် “ တိုင်းရင်းသားသတင်းမီဒီယာများ” ရပ်တည်ရေးသည် ထိုထက်ခက်ခဲသည်။
ငွေကြေးမပြည့်စုံမှု ၊ လူ့စွမ်းအားအရင်းအမြစ် ကန့်သတ်မှုများ ၊ လုံခြုံရေးအခက်အခဲများသည်က နေ့စဉ်ကြုံတွေ့နေကြရသည်။
ထို့ကြောင့် တိုင်းရင်းသားမီဒီယာ တစ်ခုရပ်တည်ရေးက အမြဲရုန်းကန်ကြိုးစားနေကြရခြင်းဖြစ်သည်။ ရှမ်းနီအသံသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ရှမ်းနီအသံ၏ သတင်းများသည် “ တိကျမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ၊ မှန်ကန်မှု “များဖြင့် အမြဲရှိနေမည်လည်းဖြစ်သည်။
ရှမ်းနီအသံသည် ရှမ်းနီတိုင်းရင်းသားများအတွက် အသိပေး ၊ ပညာပေး စသည့်ကဏ္ဍအစုံစုံကို တင်ဆက်နိုင်အောင် အမြဲကြိုးစားဆောင်ရွက်နေသည်။
မီဒီယာရှင်သန်ရပ်တည်ရေးအတွက် စာဖတ်ပရိတ်သတ်တို့ရဲ့ အားပေးမှုများသည်လည်း အထူးအရေးပါသည်။ ထို့ကြောင့် ရှမ်းနီအသံမှ ထုတ်လုပ်သည့် သတင်း ၊ ဆောင်းပါး၊ရုပ်သံ ၊ Podcast တစ်ခုချင်းစီတွင် စာဖတ်ပရိတ်သတ်များအတွက် အဓိကရည်ရွယ်ထားခြင်းလည်းဖြစ်ပေသည်။ ထို့ကြောင့် တိုင်းရင်းမီဒီယာတစ်ခုရပ်တည်ရေးအတွက် စာဖတ်သူများဘက်မှ ပံ့ပိုးကူညီမှုများလည်း လိုအပ်လျက်ရှိနေပေသည်။
“ ရှမ်းနီအသံ ၊ ရှမ်းနီပုံရိပ်”
ဝက်ဆိုဒ်စာမျက်နှာ https://www.shannivoice.com/Youtube စာမျက်နှာ https://www.youtube.com/@shannivoice3092Telegram စာမျက်နှာ https://t.me/shannivoice TikTok စာမျက်နှာ >>>>>>>>> https://www.tiktok.com/@tvsnv
