လက်နက်ကိုင်ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့တွေက ပဋိပက္ခတွေကိုသာ ဖန်တီးနေတယ်လို့ စစ်ကောင်စီဆို 

ဇန်နဝါရီ ၁ ၊ နေပြည်တော် 

  တချို့သော တိုင်းရင်းသားခေါင်းဆောင်များနဲ့ လက်နက်ကိုင်ခေါင်းဆောင်တို့တွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့  ပြည်တွင်းပဋိပက္ခတွေကိုသာ ဖန်တီးဖော်ဆောင်နေကြတယ်လို့  ၂၀၂၅ ခုနှစ်   ဇန်နဝါရီလ (၁)ရက်နေ့မှာ စစ်ကောင်စီဥက္ကဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ကိုယ်ကျိုးကိုအခြေခံတဲ့ လိုအင်ဆန္ဒတွေနဲ့ လက်နက်ကိုင်ပဋိပက္ခများကိုသာ ဖော်ဆောင်ပြုလုပ်နေကြသလို  တိုင်းရင်းသားခေါင်းဆောင်များကလည်း ပြည်ထောင်စုပြိုကွဲစေရန်သာ ဆောင်ရွက်နေကြတယ်လို့ ဆိုထားတာပါ။

စစ်ခေါင်းဆောင်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခပြီးဆုံးပြီး  နိုင်ငံရေးနည်း၊တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းများနဲ့  ဖြေရှင်းမှုများပြုလုပ်နိုင်ဖို့ အားလုံးဒီမိုကရေစီလမ်းကြောင်းပေါ် တစ်စုတစ်စည်းတည်းသွားရောက်ကြဖို့ လိုအပ်ကြောင်းလည်း သူကပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ကြတဲ့ တပ်မတော်သားများကိုလည်း ဂုဏ်ပြုပြီး သမိုင်းတွင်ကျန်ခဲ့ရစ်ခဲ့မှာဖြစ်ကြောင်းကို နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။ 

ဒီကနေ့မှာဘဲ အမျိုးသားညီညွှတ်ရေးအစိုးရ NUG  ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့  စစ်ကောင်စီနဲ့ စစ်တပ်ဟာ ထပ်တူညီမှုမကျဘဲ  ကျဆင်းနေတဲ့ မြန်မာစစ်တပ်ရဲ့ဂုဏ်သိက္ခာကို တပ်မတော်သားတွေကသာ ပြန်ဆယ်ယူမြှင့်တင်နိုင်မှာဖြစ်ကြောင်း ၎င်းတို့ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *