
နိုဝင်ဘာ ၂၀ ၊ မိုးညှင်း
မိုးညှင်း-အင်းတော်လမ်းပိုင်းမှာ စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများက တိုက်ပွဲကြောင့် လမ်းပိတ်ထားပြီး မိုးညှင်းမြို့နယ်အတွင်းမှာ ကုန်စျေးနှုန်း နှစ်ဆခုန်တက်လာနေတယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ အခြေခံစားသောက်ကုန်များဖြစ်တဲ့ ကြက်ဥတစ်လုံး ၈၀၀ ကျပ် နှစ်လုံး ၁၅၀၀ ကျပ် ၊ ခရမ်းချဉ်သီးတစ်ပိဿာ တစ်သောင်းကျပ်အထိမြင့်တက်လာတာလည်းဖြစ်ပါတယ်။
“ ခုဈေးက ကားလမ်းကြော ပြန်ကောင်းသွားတာနဲ့ ချက်ချင်းပြန်ကျမှာပါ သူက ကုန်ပြတ်နေတော့ အခွင့်ရတုန်း လုပ်စားကြတာဖြစ်မှာပါ”လို့မိုးညှင်းဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် စက်သုံးဆီများ လုံလောက်စွာ မရောက်ရှိခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး တချို့စက်သုံးဆီဆိုင်များ ယာယီပိတ်ထားတာတွေလဲ ရှိလာနေပါတယ်။
ကုန်ဈေးနှုန်းတက်လာတာက အင်းတော်-နဘား မှာ တိုက်ပွဲတွေကြောင့် လမ်းကြောမပွင့်မှုတွေကြောင့် ဝယ်လိုအားများနေတာတွေကို ကုန်သည်တွေ ဈေးကစားတာလဲ ဖြစ်နိုင်ကြောင်း ပြောဆိုနေတဲ့ ဒေသခံတွေလဲ ရှိလာနေပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှ စပြီး ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ နန့်စီးအောင်စုပေါင်းစစ်ဆေးရေးဂိတ်ပိတ်ထားခဲ့ပြီး လက်ရှိမှာ ဂိတ်ပြန်ဖွင့်သွားပေမယ့် လမ်းကြောပိတ်ဆို့မှုများရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။