မတ် ၈ ၊ ဝိုင်းမော်
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးနှင်းလာတဲ့ကားကို ဝိုင်းမော်မြို့နယ် ခါးချီကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (KIA + PDF)ပူးပေါင်းတပ်တွေက ယမန်နေ့ မတ်လ ၇ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရှိရပါတယ်။
“အဲ့ဒီဘက်မှာ တိုက်ပွဲ တော်တော်လေး ဖြစ်သွားတယ်။ ဆိုတော့ ခါးချီနားမှာ ဦးရွှေမင်း ဆုံးသွားပြီ။ လီဆူပြည်သူ့စစ် ခေါင်းဆောင်ကြီးက။ အရင်က ဒူးလေးပါတီဥက္ကဌ လုပ်သွားတဲ့ဟာ။ စောစောကတော့ အတည်မပြုနိုင်သေးဘူး။ ညက တပ်က သွားပြီး အလောင်းကောက်တယ်။” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ယမန်နေ့ မတ်လ ၇ ရက်နေ့မှာ (KIA + PDF)ပူးပေါင်းတပ်များက လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းများကိုပါ တစ်ရက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
“ခါတိုင်းက သူက ကား နှစ်စီး သုံးစီးနဲ့ သွားတာ။ မနေ့ကကြတော့ သူက သူများကစောင့်ထားပါတယ်ဆို သူက ကားတစ်စီးတည်းနဲ့ သွားတော့ သေရောပါ့အေး။” လို့ ဦးရွှေမင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၏ ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဒူးလေးပါတီဥက္ကဌ ရာထူးကနေ အနားယူထားတာပဲ ဖြစ်ပါတယ်။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် စစ်ကောင်စီက ချီးမြှင့်သည့် သီရီပျံချီဘွဲ့ကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။