တန်ဆောင်တိုင်လပြည့်နေ့ နိုဝင်ဘာ (၂၉) ရက်နေ့တွင် မိုးညှင်း ၊ ဟိုပင်၊ အင်းတော်ကြီး ၊ မိုးကောင်းမြို့ စသည့်ဒေသများမှ လူနှစ်ထောင်ထက်မနည်း နမ့်စော်လော်ကျေးရွာရှိ လွယ်ငူးတောင်မှ တိမ်ပင်လယ်ဖြစ်ထွန်းနေမှုကို လာရောက်ကြည့်ရှုခဲ့ကြသည်။
မိုးညှင်းမြို့နယ် နမ့်စော်လော်ကျေးရွာရှိ လွယ်ငူးတောင်မှ တွေ့မြင်ရသည့် တိမ်ပင်လယ်မှာ တစ်လခန့်ရှိနေပြီဖြစ်ပြီး နေ့စဉ်နှင့်အမျှ လူသုံးရာကျော်လောက်ရောက်ကြောင်း ကျေးရွာသားများက ဆိုသည်။
” လူတွေလာတာကတော့ တစ်လလောက်ရှိနေပြီ။ တချို့ရက်တွေဆို ဆိုင်ကယ်အစီး သုံးရာလောက်ရှိမယ်။ ဒီနေ့တောင်ပေါ်မှာ ဆီချက်ကြွေးဖို့ ရွာသားတွေကတော့ ပိုးပြီးတက်သွားကြပြီ” ဟု ထိုကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။
ယနေ့ တန်ဆောင်တိုင်လပြည့်နေ့တွင် တိမ်ပင်လယ်လာရောက်ကြည့်ရှူသူများကို ဆီချက်စတုဒီတာကျွေးမွေးခဲ့သည်။
နမ့်စော်လော်ကျေးရွာသည် မိုးညှင်းမြို့နယ် နမ္မား၏အရှေ့ဘက်တွင် တည်ရှိသည့်ရွာတစ်ခုဖြစ်ပြီး ရှမ်းနီ ၊ ရှမ်းတိုင်းရင်းသားများနေထိုင်ပြီး လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည့်ကျေးရွာတစ်ခုဖြစ်သည်။