
မေ ၃၀ ၊ နေပြည်တော်
ငလျင်ဒဏ်သင့်သူတွေအတွက် အိမ်ခန်း ၁၆ ခန်းပါ လေးခန်းတွဲ လေးထပ်တိုက် (၅၁) လုံး တည်ဆောက်သွားမှာမယ်လို့ စစ်ကောင်စီက မနေ့ကပြုလုပ်တဲ့ ငလျင်အလှူငွေပေးအပ်ပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒီအတွက် အလှူငွေတွေကိုလည်း စစ်ကောင်စီအနေနဲ့ ရရှိထားတယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုလာပါတယ်။
ဧပြီလမှာ ပြုလုပ်တဲ့ ပထမအကြိမ် ငလျင်အလှူငွေပေးအပ်ပွဲမှာ ငွေကျပ် ၁၁၂.၈၇ ဘီလီယံ ၊ အလှူပစ္စည်းတန်ဖိုး ၁၂. ၄ ဘီလီယံ စုစုပေါင်း ၁၂၅ ဘီလီယံ ကျော် ရရှိခဲ့တာလည်းဖြစ်ပါတယ်။
မေလကုန် မနေ့က ပြုလုပ်တဲ့ ပွဲမှာ ၁၃၁ .၅၃ ဘီလီယံ နဲ့ ကန်ဒေါ်လာ ၂၃ သန်း ကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်နှစ်ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံမှ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နှစ်နှစ်ကျော်အတွင်း ကျပ်ဘီလီယံပေါင်း လေးထောင့်ခြောက်ရာကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
“ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှိုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများတွင် အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်ခဲ့မည်ဆိုပါက သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ သုံးစွဲရသည့် ကုန်ကျစရိတ်ထက် ခုနှစ်ခန့် လျော့နည်းသက်သာစေနိုင်မည်ဖြစ်တယ်”လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုပါတယ်။
ငလျင်ကြောင့် နေအိမ်၊တိုက်တာအဆောက်အဦး ငါးသောင်းတစ်ထောင်ကျော်၊ ဌာနဆိုင်ရာ အဆောက်အဦး တစ်သောင်းတစ်ထောင်ကျော် ၊ စာသင်ကျောင်းပေါင်း နှစ်ထောင့်ငါးရာကျော်နဲ့ ဘာသာရေးအဆောက်အဦး ခြောက်ထောင်နီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။
ထိခိုက်သေဆုံးသူတွေ လေးထောင်နီးပါးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ငါးထောင်ကျော်နဲ့ လူဦးရေ ငါးသိန်းကျော် ငလျင်ဒဏ်သင့်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာတဲ့အထိ ထိခိုက်ပျက်စီးနေတဲ့ အဆောက်အဦးရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ငလျင်ရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေရသူတွေလည်း ရာနှင့်ချီ ရှိနေဆဲဖြစ်ပါတယ်။
