လွတ်လပ်ရေးရပြီးချိန်ကစ ယနေ့အထိ  ရှမ်းနီတိုင်းရင်းသားများကို နိုင်ငံရေးအရဖိနှိပ်မှုတွေဆက်လုပ်နေဆဲလို့   ရှမ်းနီအမျိုးသားအစည်းအရုံး(SNUA)ဆို

မတ် ၁၃ ၊ ဟုမ္မလင်း 

လွတ်လပ်ရေးရပြီးချိန်ကစလို့ ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၄၉၆ ကြိမ်မြောက် ရှမ်းနီအမျိုးသားနေ့အထိ ရှမ်းနီတိုင်းရင်းသားတွေအပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုတွေ ဆက်ရှိနေသလို၊ မျက်ကွယ်ပြုတာတွေ ပြုလုပ်နေကြဆဲဖြစ်တယ်လို့ ရှမ်းနီအမျိုးသားအစည်းအရုံး(SNUA)က ပြောဆိုလိုက်ပါတယ်။ 

၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၄၉၆ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့အတွက် ရှမ်းနီအမျိုးသားအစည်းအရုံး(SNUA)က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။ 

“ရှမ်းနီတိုင်းရင်းသားများ၏ သမိုင်းဂုဏ်သိက္ခာရှိမှုနှင့် ခေတ်အဆက်ဆက် နိုင်ငံ့အကျိုးအတွက် ကျရာတာဝန်မှ ထမ်းဆောင်နိုင်ခဲ့ကြမှုအပေါ် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်၊ နိုင်ငံလွတ်လပ်ရေး ရရှိချိန်မှအစပြု၍ မျက်မှောက်ကာလ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိအောင် ကြိုးပမ်းနေသည့်အချိန်အထိ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ မျက်ကွယ်ပြုခြင်းများကိုသာ ပြုလုပ်နေကြဆဲဖြစ်ပါတယ်” လို့ပြောဆိုထားပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတွေဟာ ကိုလိုနီစနစ်ဆန့်ကျင်တွန်းလှန်မှုမှာလည်း ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ်ကစပြုပြီး ဖက်ဆစ်စနစ်တွန်းလှန်ကာ နိုင်ငံ့လွတ်လပ်ရေးရရှိအောင်အထိ ကြိုးပမ်းမှုကာလတစ်လျှောက်လုံးမှာလည်း တိုင်းရင်းသားမျိုးနွယ်စုကြီးတစ်ခုအဖြစ် တက်ကြွစွာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရှမ်းနီလူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့လူမျိုးတွေရဲ့  တရားမျှတမှု၊ လွတ်လပ်မှု၊ ခွင့်တူညီမျှမှုတို့ကို ရရှိခံစားပိုင်ခွင့်ရှိတဲ့ လူမျိုးတစ်ခုဖြစ်လို့ ပြောဆိုထားပါတယ်။ 

ရှမ်းနီအမျိုးသားနေ့ကို မတ်လ ၁၃ ရက်နေ့တိုင်းကျင်းပဖို့ ၂၀၁၇ ခုနှစ်မှာ  ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် (SNYO) က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ ရှမ်းနီလူငယ်များ၊ သံဃာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *