ဝန်းသိုဒေသခံတွေ တိမ်းရှောင်ထွက်ခွာဖို့ စာများထုတ်ပြန် ၊ စစ်ကြောင်းထိုးမှုတွေရှိနေ 

ဇန်နဝါရီ ၇ ၊ ဝန်းသို 

စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း ဝန်းသိုမြို့ရှိ စစ်တပ်စခန်းတွေကို  တိုက်ခိုက်သွားမှာဖြစ်ပြီး ဒေသခံတွေက မြို့ကနေ တိမ်းရှောင်ထွက်ခွာဖို့ ဝန်းသို ပ .က.ဖ တွေက ဇန်နဝါရီလ (၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။ 

NUG ရဲ့ အမှတ် (၁) စစ်ဒေသ၊  ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝန်းသိုမှာရှိနေတဲ့ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ 

ဝန်းသိုမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်တာကြောင့်  ဇန်နဝါရီ (၆ )ရက်နေ့မှ (၁၀) ရက်အတွင်း ဝန်းသိုမြိုအတွင်းရှိ ပြည်သူများ ၊ အစိုးရဝန်ထမ်းများက  မြို့ကနေစွန့်ခွာပြီး ထွက်ခွာပေးကြဖို့ကိုလည်းသတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ကောလင်းမြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ တစ်ကျော့ပြန်မြို့သိမ်း တိုက်ပွဲလုပ်ဆောင်စဥ်မှာ ဝန်းသိုမြို့ရှိ စစ်ကော်မရှင်တပ်စခန်းမှ တဆင့် စစ်ကူတပ်များ၊ လက်နက်အင်အားများနဲ့ လက်နက်ကြီး ထောက်ပို့မှုများလုပ်ဆောင်နေတာကြောင့် တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် ဝန်းသိုမြို့နယ်အတွင်းတွင် သာဘဝသယံဇာတများဖြစ်တဲ့ ရွှေ၊သတ္ထုများနဲ့ ကျွန်းသစ်များထွက်ရှိပြီး စစ်ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့  စီးပွားရေးလုပ်ငန်းရှင်များကိုလည်း လက်ရှိစစ်ရေးအရှိန်မြင့်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်မှုများ ရပ်တန့်ကာ ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ကိုလည်း သတိပေးထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါရှိပါတယ်။ 

ဖုန်းလိုင်းတွေဖြတ်ထားလို့လေနော်၊ ကောင်းကောင်းသေသေချာချာမသိရသေးဘူး။ ဖေ့ဘုတ်ပေါ်မှာဒေသခံတွေပြောနေတဲ့ စစ်လေးနည်းနည်းဖြစ်နေတာ၊ စစ်ကြောင်းထိုးနေတာကိုပဲသိရတာ။ အတိအကျမသိရသေးဘူး။ ဖုန်းလိုင်းအဆက်အသွယ်မရလို့လေ။ စစ်ကြောင်းထိုးတယ်လို့ပဲကြားတယ်” လို့ စစ်ရှောင်နေတဲ့ ဝန်းသိုဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဝန်းသိုမြို့မှာ  စစ်တပ်ရဲ့ ခမရ (၁၁၁)  နှင့် ခမရ (၁၂၀) တပ်ရင်းများရှိနေပြီး မြို့ကိုကာကွယ်နိုင်ဖို့  စစ်အင်အားများ ထပ်မံဖြည့်တင်းထားသလို မြို့ပတ်ပတ်လည်တွင်လည်း ကာကင်းတပ်စခန်းများထားရှိထားတယ်လို့ သိရပါတယ်။

 မြို့ကနေ စွန့်ခွာဖို့သတိပေးမှုတွေကြောင့် ဒေသခံတွေက အခက်အခဲတွေ့နေကြပြီး လိုင်းကားတွေကလည်း မြို့အတွင်းဝင်ရောက်ဖို့အတွက် တွန့်ဆုတ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

NUG က  စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသက ဝန်းသိုမြို့နဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ကသာမြို့ကိုလည်းလည်း မြို့သိမ်းတိုက်ပွဲဆင်နွဲနေဆဲဖြစ်ပါတယ်။ 

ဝန်းသိုမြို့နယ်ရဲ့ ကျေးလက်ဒေသတွေကို  KIA+PDF ပူးပေါင်းတပ်အဖွဲများက  ၂၀၂၂ ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *