မေ ၂၀ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ် KIAနှင့် PDF ပူးပေါင်းတပ်တို့ စစ်ရေးပိုမို ပြင်းထန်တင်းမာလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ဘယ်လို အခြေနေလဲ ဆိုတော့ တိုက်ပွဲတွေကတော့ ဆက်နေတာပဲ လက်နက်ကြီးတွေက တောက်လျှောက်ထုနေတာပဲ တိုက်လေယဉ်တွေလဲ ပျံနေတယ် ဟိုဘက်ကရော ဒီဘက်ကရောဆိုတော့ အပြန်လှန်လှုပ်နေကြတဲ့ပုံစံပဲပေါ့နော့် ၊ ဆက်တိုက်ပဲ ၊ ဆိုးနေတယ်” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက စိုးရိမ်ရတဲ့အခြေအနေကြောင့် ရွှေညောင်ပင်၊ အောင်မြေ(၁) ၊ အောင်မြေ(၂) ဒေသခံတွေက ဝိုင်းမော် ဘုန်းကြီးကျောင်းနှင့် စစ်ရှောင်စခန်းဘက်ကို ကြိုတင်တိမ်းရှောင်တာတွေ ရှိပေမဲ့ တချို့လယ်ယာခင်း အစောင့်နှင့် ကျွဲနွားများထိန်းကျောင်းရင်း ပိတ်ကျန်ရစ်နေခဲ့တာတွေ ရှိနေတယ်လို့လဲ သိရပါတယ်။
“ တပ်ကလူတွေကလည်း ၃၂၁ တပ်ထဲကို ပြန်ဝင်သွားတယ်။ ဟိုဘက်ကလည်း အင်အား ခါးရှီတို့ အင်းလေးတို့မှာက PDF တွေ သိမ်းထားလိုက်ပြီ။ဒီဘက်ကလည်း တောက်လျောက်ပစ်နေတယ်။ ခတ်ချိုသွားတဲ့လမ်းကြောင်းတစ်နေရာ ။ အခုပြောရင်းပစ်နေတာ ။ ၊ ဝါးယံမှာလည်းဖြစ်တယ်။ သုံးနေရာလေးရာလောက်ဖြစ်နေတယ်။ ပျံ့နေတယ် တိုက်ပွဲက” လို့ ဝိုင်းမော် ဒေသခံတစ်ဦးက ပြောပါတယ်။
ဝိုင်းမော်မြို့မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မြေပြင်ကနေ ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဉ် နှင့် ဒရုန်းတွေအသုံးပြုပြီး ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA+PDF နှင့် စစ်ကောင်စီတပ် နှစ်ဘက်စလုံးက ရပ်ရွာမြို့တွေကို ဝင်ရောက်နေရာယူ၊ လူထုနေရာတွေမှာ တိုက်ခိုက်နေကြတာဖြစ်လို့ အရှုံးအနိုင်ပေါ်လွင်ဖို့ ခဲယဉ်းမှာဖြစ်ပြီး အဆုံးမှာ ပြည်သူပဲ စစ်ဒုက္ခခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ စစ်ဆိုတဲ့အမျိုးက သူနိုင်ကိုယ်နိုင် ဒါမျိုးနေရာမှာတိုက်လို့ရတဲ့အမျိုးလဲ မဟုတ်၊ ရပ်ရွာတွေကို ကာပြီးမှ၊ ဝင်ပြီးမှ နေတဲ့ခါကျတော့ အရှုံးအနိုင်ကျတော့ တော်တော်လေးတော့ ခက်မှာပေါ့၊ နောက်ဆုံးကျတော့လဲ ပြည်သူလူထုပဲ ခံရမယ့် အနေထားပါ” လို့ မြစ်ကြီးနား ဒေသခံက သုံးသတ်ပြပါတယ်။
ဝိုင်းမော်မြို့အနီးကို တိုက်ပွဲနီးကပ်လာတာကြောင့် ဒီနေ့ မနက်ပိုင်းမှာ မြို့အတွင်း သွားလာလှုပ်ရှားသူနည်းပါးနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေလည်း မြို့အနှံ့နေရာယူထားတယ်လို့ စုံစမ်းသိရှိရပါတယ်။