သျှမ်းလူငယ် ကွန်ကရက်ကို ဖွဲ့စည်းကြောင်း ကြေညာ 

ဇွန် ၂၇ ၊ ချင်းမိုင် 

၂၀၂၄ ခုနှစ်တွင်ပြုလုပ်ခဲ့တဲ့ ပြည်တွင်းပြည်ပ က ရှမ်းလူငယ်များ၊ အရပ်ဘက်အဖွဲ့များ အပါအဝင် အဖွဲ့အစည်း ၂၀ ကျော်က လူငယ်များပါဝင်တက်ရောက်ခဲ့တဲ့ “ တိုင်း လူငယ်ထု ညီလာခံ” ကနေ သျှမ်းလူငယ်ကွန်ကရက် ​(DYC) ကိုဖွဲ့စည်းကြောင်း ကြေညာလာပါတယ်။ 

ညီလာခံကျင်းပပြီး တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ အချက်ငါးချက်ပါတဲ့ မူဝါဒတွေကို ကိုင်စွဲပြီး သျှမ်းလူငယ်ကွန်ကရက် ကို ဖွဲ့စည်းတာဖြစ်တယ်လို့ ကြေညာချက်အရသိရပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဖက်ဒရယ်သျှမ်းပြည်ထူထောင်ရေး၊ သျှမ်းလူငယ်ထုမှသည် သျှမ်းတမျိုးသားလုံးစည်းလုံးညီညွှတ်ရေး စတဲ့မူဝါဒတွေနဲ့ ဖွဲ့စည်းကာ သျှမ်းလူငယ်နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဦးဆောင်ပြီး လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ 

နိုင်ငံရေး၊ တော်လှန်ရေး စိန်ခေါ်မှုတွေကြီးမားနေတဲ့ သျှမ်းတစ်မျိုးသားလုံးအတွက် စုပေါင်းပြီးလက်တွဲလုပ်ဆောင်ကြဖို့ကိုလည်းဖိတ်ခေါ်သွားမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် မေလအတွင်းမှာပြုလုပ်ခဲ့တဲ့ “တိုင်း”လူငယ်ညီလာခံကနေ အချက် (၆)ချက်ကို စုစည်းနိုင်ခဲ့ပြီး လုပ်ငန်းကော်မတီတစ်ရပ်ကိုလည်း ညီလာခံကနေ ဖွဲ့စည်းခဲ့ပါတယ်။ 

ဒီကော်မတီတစ်ရပ်က  စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊  ဖက်ဒရယ်သျှမ်းပြည်ပြန်လည်ထူထောင်ရေး၊ သျှမ်းတစ်မျိုးသားလုံးသွေးစည်းညီညွှတ်ရေး၊  သျှမ်းတစ်မျိုးသားလုံးကို လွှမ်းခြုံနိုင်တဲ့ ပညာရေးစနစ်တစ်ခုပေါ်ပေါက်ရေး၊  နောက်ပြီးလူအခွင့်အရေးနှင့်သဘာဝအရင်းအမြစ်၊ ဒေသခံပြည်သူများအကျိုးစီးပွားကို ကာကွယ်ရေး စတဲ့အချက်တွေကို  အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *