ဟုမ္မလင်းမြို့တွင် Covid-19 စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား (၅) ရှိ

မန္တလေး လေဆိပ်မှ ဟုမ္မလင်းသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသားများ ပြည်သူ့ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအဖြစ် စုစုပေါင်း (၅)ဦး စောင့်ကြည့်ခံနေရကြောင်း ဟုမ္မလင်းဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းကပြောသည်။

အဆိုပါတရုတ်နိုင်ငံသားများသည် မတ်လ (၁၇) ရက်နေ့တွင် နှစ်ဦး၊ (၁၈)ရက်နေ့တွင် တစ်ဦး၊ (၁၉) ရက်နေ့တွင်နှစ်ဦး မန္တလေး လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဟုမ္မလင်းမြို့နယ်သို့ မတ်လ (၂၂)ရက်နေ့၊ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ရောက်ရှိလာခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“လေဆိပ်က ထွက်လာတဲ့အခါကျတော့ လေဆိပ်မှာသာ ကျန်းမာရေးနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုက အားနည်းသေးတယ် သေချာစီစစ်ဖို့လိုတယ်လို့မြင်ပါတယ်”ဟု ဆက်ပြောသည်။

အဆိုပါ လေဆိပ်များတွင် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ ဝင်ထွက် သွားလာမှုကို စစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပါနိုင်ငံများမှ တရုတ်နိုင်ငံသည် ပိုပြီး အလေးထားစောင့်ကြည့် ရမည့် အထဲ ပါဝင်နေကြောင်း မတ်လ(၁၅)ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ထားပြီး (၂)ရက်အကြာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ဒေါက်တာ ဝင်းနိုင်ထွန်းကဆက်ပြောသည်။

“ ဒါပေမယ့် လေဆိပ်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြီး တော့ အဲ့ဒီလူတွေက ရောက်လာတဲ့အတွက် သူတို့ ဘယ်လိုလွတ်လာတယ်ဆိုတာကိုတော့ စဉ်းစားမရဘူး”ဟု ၎င်းကဆက်ပြောသည်။

COVID-19 ရောဂါဖြစ်ပွားနေချိန်ကာလ နိုင်ငံခြားသားများ ဝင်ထွက် သွားလာမှုသည် ပြည်သူလူထုများ စိုးရိမ်ထိပ်လန့်မှု ဖြစ်စေကြောင်း ဆက်ပြောသည်။

“ ပြည်သူတွေကတော့ စိုးရိမ်ကြမှာပေါ့ တကယ်လည်း အဖြစ်ပျက်ကလည်း ကမ္ဘာနဲ့ချီပြီး ဖြစ်တဲ့ ကတ်ရောဂါဆိုတော့ စိုးရိမ်ကြမှာပေါ့။ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို အလွန်ကဲကြီး မစိုးရိမ်စေချင်ဘူး။ သတိ အသိနဲ့ နေထိုင်ရင်တော့ ဒါကြီးကို ကျော်လွှားနိုင်မယ်လို့တော့ထင်ပါတယ်။” ဟု ဟုမ္မလင်းမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာအဖြစ် စုစုပေါင်း (၆)ဦးရှိလာပြီး မန္တလေး- မုံရွာမှလာသော လိုင်းကားများ၊ ဂိတ်များမှ စစ်ဆေးမှုများ မတ်လ (၂၅) ရက်နေ့တွင် စတင်ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *