ဟုမ္မလင်းမြို့နယ်တွင် ဌာနေပြည်သူ့စစ်နှင့် PDF  ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့်  ဒေသခံများစစ်ဘေးရှောင်နေရ

မေ ၅ ၊ ဟုမ္မလင်း

         စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာနှင့် ငိုးပင်းကျေးရွာ တွင်  ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)၊ PDF ပူးပေါင်းတပ်ဖွဲ့များ နှင့်  ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

         တိုက်ပွဲများဟာ ယမန်နေ့မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ပြီး  ညနေ ၄ နာရီအထိ ြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

         တိုက်ပွဲဖြစ်ပွားပြီး ညနေ ၄ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူတိုက်ခိုက်ခဲ့မှုတွေ ကြောင့် ဒေသခံရွာသူ/သားတွေက ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာရွာတွေကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရကြောင်း ငိုးပင်းဒေသခံသတင်းအရင်းအမြစ်များထံမှ သိရပါတယ်။

         “ မနေ့က ညနေပိုင်းအထိတိုက်ကြတာ၊  ညနေပိုင်းမှာတော့ လေယာဥ်နဲ့ ဗုံးလာချပြီးတော့ လေယာဥ်တွေပြန်သွားတော့ မနေ့ကညနေစပြီးတော့ စစ်ဘေးရှောင်တွေက စရှောင်ကြပြီ ရှောင်ပြီးတော့ ဒီနေ့မနက်လည်း တော်တော်လေး ရှောင်ကြတယ်ပြောတယ်။ ရွာထဲမှာတွေက PDF တွေ နေထားတာရှိတယ်လို့ ပြောတယ်။ ရွာဘေးပတ်ဝန်းကျင်မှာတွေလည်း PDF တွေက ပုန်းထားကြတယ်ပြောတယ်။ လာပြန်တိုက်နိုင်တဲ့ အခြေအနေရှိတာကြောင့် စစ်ရေးက တင်းမာနေတယ်။လို့  ထွက်ပြေးတိမ်းရှောင်လာသူတွေကို ကူညီနေသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။

         HPDF  ပူးပေါင်းတပ်များက ငိုးပင်းဌာနေပြည်သူ့စစ်ဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲစတင်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

         ငိုးပင်းမှာက ပြည်သူ့စစ်ဂိတ်ရှိတော့ အဲ့ဒီမှာ သွားပစ်တာ။ ဝင်ခဲ့တာက မြင်သာကနေ မြင်သာကနေပြီးတော့ ငိုးပင်းဂိတ်ကို ဝင်သွားပြီး သွားပစ်တာ ”  လို့ တခြားဒေသခံသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။

         ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်မှ စတင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေကာ လက်ရှိအချိန်အထိ စစ်ရေးအရှိန် မြင့်နေဆဲဖြစ်ကြောင်း PDF တပ်ဖွဲ့များက သတင်းထုတ်ပြန်ထားပါတယ်။

         တိုက်ပွဲနှင့်ပတ်သက်ပြီးတော့ ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့်  နှစ်ဖက်တပ်ဖွဲ့တွေကိုဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။

         တိုက်ပွဲဖြစ်ပွားနေတဲ့ မြင်သာကျေးရွာအုပ်စုတွင် မြင်သာ ၊ ငိုးပင်းကျေးရွာ ၊ လက်ပံသာများပါဝင်ပြီး လူဦးရေ ငါးထောင်နီးပါးနေထိုင်တဲ့  ကျေးရွာအုပ်စုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *