
ဧပြီ ၆ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာမှာ တစ်ရက်တည်း ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း (၇) နာရီဝန်းကျင်အချိန်မှာ နောင်ပိုအောင်ကျေးရွာ ကနေအထွက် လွှစင်ကုန်းကျေးရွာသွားတဲ့လမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၊ နောင်ပိုအောင် ဘုန်းကြီးကျောင်းဒေါင့်အနီးတွင် တစ်လုံး ၊ လေးမျက်နှာဘုရားအနီးတွင် တစ်လုံး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ တံတားထိပ်နားပေါက်တာပြောတယ် . သူများတွေစျေးသွားတဲ့အခါမှာ ၊ ကလေးမလေးတစ်ယောက်ထိတယ်လို့ပြောသံကြားတယ်။ ဟုတ်လားမဟုတ်ဘူးလားမသိဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက ဟုမ္မလင််းမြို့ပေါ်ရှိ ဥပဒေရုံးမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတွေထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
ဒီလိုဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့အဖွဲ့အစည်းတွေကိုတော့ မသိရှိရသေးပါဘူး။
“ ပေါက်ကွဲတာကို လယ်တောကနေကြားရတယ် ၊ ဟုမ္မလင်းမှာပေါက်တောရော ၊ နောင်ပိုအောင်မှာပေါက်တာရော အသံကတော့ တော်တော်ကျယ်တယ်” လို့ ဟုမ္မလင်းဒေသကခံတစ်ဦးက ပြောဆိုပါတယ်။
အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ဟုမ္မလင်းမြို့နယ်အတွင်း ပေါက်ကွဲမှု အနည်းဆုံး ၈ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရှိ ဥရုချောင်းကူးတံတားဖွင့်ပွဲပြုလုပ်ဖို့ရှိနေပြီး စစ်ကောင်စီခန့်ထားတဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေတက်ရောက်ဖို့ ရှိနေတဲ့သတင်းတွေလည်း ထွက်နေပေါ်နေပါတယ်။