ဟုမ္မလင်းမြို့နယ်နောင်ပူအောင်ကဒေသခံစစ်ရှောင်များနေရပ်ပြန်ဝင်

ဒီဇင်ဘာ ၁ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပူအောင်ကျေးရွာက စစ်ရှောင်များ နေရပ်ကို ပြန်ဝင်နေကြပြီလို့ နောင်ပူအောင်ဒေသခံတွေဆီက သိရပါတယ်။ 

နောင်ပူအောင်ကျေးရွာအနီး လွှစင်ကုန်းကျေးရွာမှာ နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွေမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) နှင့် ဟုမ္မလင်း PDF ၊​ မဟာမိတ်တပ်ပေါင်းစုတို့ကြား အပြင်းအထန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် နောင်ပူအောင်ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

“စစ်ရှောင်တွေကတော့ ရှောင်တဲ့အခါတော့ ကိုယ်အစီအစဥ်နဲ့ကိုယ် သွားကြတာပါ့။ အခုလောလောဆယ်တော့ ပြန်ဝင်လာကြပြီလေ။ တစ်ချို့ကြတော့လည်း ဒီလကုန်မှာ ပြန်လာမယ်လို့ပြောတယ်။” လို့ နောင်ပူအောင်ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

စစ်ရှောင်တွေက နောင်ပူအောင်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများ ၊  ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် မန္တလေးမြို့ အထိ စစ်ဘေးတိမ်းရှောင်ကြတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။ 

လက်ရှိမှာ တိုက်ပွဲပြန်လည်တည်ငြိမ်သွားတာကြောင့် စစ်ဘေးရှောင်သွားတဲ့ ဒေသခံတွေက နေရပ်ကို ပြန်ဝင်လာခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွှစင်ကုန်းကျေးရွာ တစ်ရွာလုံးကတော့ နေရပ်ကို ပြန်လာနိုင်ခြင်းမရှိသေးပဲ စစ်ဘေးဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *