ဟုမ္မလင်းမြို့နယ်ရှိရပ်ကျေးတချို့စစ်မှုထမ်းဖို့စာရင်းကောက်ယူမှုများပြုလုပ်နေ

မတ် ၃၁ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာတချို့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် စာရင်းကောက်ယူမှုများကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။ 

ဟုမ္မလင်းမြို့နယ်ထဲက သဖန်းကုန်း ၊ ဟဲခမ်း ၊ ပင်းမခေါ ၊ မာလုံ စတဲ့ကျေးရွာအုပ်စုတွေမှာ မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ အကျုံးဝင်တဲ့ စာရင်းဖောင်တွေကို အုပ်ချုပ်ရေးပိုင်းကနေတဆင့်  ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတွေဆီကို ပေးပို့ခဲ့တယ်လို့သိရပါတယ်။ 

“ ၂၆ နဲ့ ၂၇ ဟဲခမ်းတို့ သဖန်းကုန်းတို့ ပင်းမခေါတို့မှာ  အုပ်စုအလိုက် အကျုံးဝင်တဲ့သူတွေလာပြီးတော့မှာ အုပ်စုစာရေးကိုယ်တိုင်လာပြီးတော့မှ  အုပ်ချုပ်ရေးမှူးအိမ်မှာလာကောက်သွားတယ်။  အသက် ၁၈ ကနေ ၃၅ အကျုံးဝင်တဲ့သူတွေပေါ့ ” လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

ဟုမ္မလင်းမြို့ပေါ် နဲ့ မြို့အနီးနားရှိ ရပ်ကျေးတချို့မှာလည်း စစ်မှုထမ်းဥပဒေမှာ အသက်အရ အကျုံးဝင်သူတွေရဲ့ ဖောင်တွေကို မတ်လ တတိယအပတ်အတွင်းမှာ ဖြည့်ပြီး အုပ်ချုပ်ရေးထံ ပေးပို့ထားရပြီလို့ သိရှိရပါတယ်။ 

“ သူတို့တော့မခေါ်သေးဘူး မိဘတွေကိုတော့။  ကျွန်တော်လည်းသားတစ်ယောက်ပါတယ်။ သူတို့ဘယ်လိုစီမံကြမလဲတော့မသိဘူး”  လို့ စစ်မှုထမ်းမယ့်ထဲ အကျုံးဝင်သူတစ်ဦးရဲ့ ဖခင်က ရှမ်းနီအသံကိုပြောပါတယ်။ 

မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တဆင့် ရှင်းပြတဲ့ စစ်မှုထမ်းဥပဒေအကြောင်းအရာတွေကို  ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကို အသံဖိုင်တွေဖြန့်ဝေထားမှုတွေလည်းရှိနေပြီလို့သိရပါတယ်။ 

ဟုမ္မလင်းမြို့နယ်  ချင်းတွင်းမြစ်အောက်ဘက်ရှိ ကျေးရွာအုပ်စုတွေမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ဧရိယာထက်ဝက်ကျော်ကိုလည်း ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ ဟုမ္မလင်းမြို့နယ်အတွင်းမှာ အသက် ၁၈ မှ ၃၅ နှစ်အတွင်း နှစ်သောင်းရှစ်ထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *