




မတ် ၂၅ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းက စားနပ်ရိက္ခာအခက်အခဲရှိနေတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၁၅၀)ကျော်၊ လူဦးရေ (၇၅၀)ကျော်ကို ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်မှ မတ်လ (၂၃) ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
ဟုမ္မလင်းမြို့နယ် ရာလားတီးကျေးရွာနှင့် ပါဟုတ်ကြီးကျေးရွာများမှ တုံမတက်ကျေးရွာနဲ့ နမ့်သာကျေးရွာသို့ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်များကို သွားရောက်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ထိုလူငယ်ကွန်ရက်မှ သိရပါတယ်။
ရာလားတီးကျေးရွာမှ တိုက်ပွဲရှောင်လာပြီး တုံမတက်ကျေးရွာမှာ ယာယီတဲထိုးနေထိုင်တဲ့ အိမ်ထောင်စု (၇၈) စု၊ လူဦးရေ ၃၆၂ ဦး ၊ ပါဟုတ်ကြီးကျေးရွာမှ တိုက်ပွဲရှောင်လာပြီး နမ့်သာကျေးရွာမှာ ယာယီတဲထိုးနေထိုင်ကြတဲ့ အိမ်ထောင်စု (၅၂)စု၊ လူဦးရေ (၂၃၅) ဦးနဲ့ စေတီဆိပ်ကျေးရွာရှိ စစ်ဘေးရှောင် အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၆၉) ဦးတို့ကို စားနပ်ရိက္ခာနဲ့ အခြေခံအသုံးဆောင်တွေ လူဒါန်းခဲ့ကြကြောင်း ကွန်ရက်အဖွဲ့ဝင်တွေက ၎င်းတို့လူမှုကွန်ရက်မှာ ဖော်ပြထားကြပါတယ်။
အခြားဒေသများထက် ကုန်ဈေးနှုန်း သုံးဆနီးပါး မြင့်မားနေတဲ့ ဟုမ္မလင်းမြို့နယ်မှာ အိုးအိမ်စွန်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်းဘေးရှောင်တွေဟာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်ချက်မြင့်မားနေကြဆဲဖြစ်ပါတယ်။
ဟုမ္မလင်းမြို့ပေါ်တွင်လည်း ရွှေပြည်အေး၊ နောင်ပူအောင်၊ လွှစင်ကုန်း၊ မြင်သာ၊ ငိုးပင်ဘက်မှ ရှောင်လာသည့် စစ်ဘေးရှောင် စုစုပေါင်း နှစ်ထောင်ထောင်ခန့်ဟာ တစ်နှစ်ကျော်ကြာထိ နေရပ်မပြန်နိုင်ကြသေးပဲ စာနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလူ့အသုံးအဆောင်အကူအညီများ လိုအပ်လျက်ရှိနေကြပါတယ်။