
ဧပြီ ၂၁ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းက NUG စိုးမိုးနယ်မြေပြင်ပကို စက်သုံးဆီ သယ်ယူခွင့်အတွက် တစ်ပေပါ တစ်သိန်းနှုန်းကောက်ခံပြီး သယ်ဆောင်ခွင့်ပေးသွားမယ်လို့ ဟုမ္မလင်း (ပ.အ.ဖ ) က က ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ပိတ်ပင်ထားတဲ့ ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီသယ်ယူခွင့်တွေကို လာမယ့် ဧပြီလ ၂၃ ရက်နေ့ကစပြီး ပြန်လည်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ဒေသခံ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို ထောက်ရှုသောအားဖြင့် ပြန်လည်ခွင့်ပြုတာဖြစ်ပြီး နယ်မြေဖြတ်သန်းဝင်ရောက်ခွင့်အတွက် တစ်ပေပါတစ်သိန်းနှုန်းကောက်ခံသွားမယ်လို့ဆိုပါတယ်။
“ ပင်လည်ဘူးမှာက တစ်လီတာ လေးထောင် ၊ NUG နဲ့ နယ်ထဲမှာဆိုရင် တစ်လီတာ ငါးထောင် ၊ အဲ့ဘက်ဆက်ကျော်သွားရင် တစ်လီတာ ၇ ထောင်အထက်ရောက်သွားပြီ” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်း ပအဖ က ကောက်ခံတဲ့ စိုးမိုးဧရိယာပြင်ပ ဖြတ်သန်းခ (၁)သိန်းကျပ်နှင့် လုပ်ငန်းရှင်တွေရဲ့ သဘောဆန္ဒအလျောက်ပေးဆောင်လာမည့် ဖြတ်သန်းခများကိုလည်း တော်လှန်ရေးအင်အားစုများ အတွက်သာ အသုံးပြုသွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။
NUG က ပိတ်ပင်ထားတဲ့ ကာလအတွင်းမှာလည်း လုပ်ငန်းရှင်များက ညှိနှိုင်းပြီး ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီများကို ဝင်ကြေးအမြောက်အများပေးဆောင်ပြီး ဖြတ်သန်းနေရကြောင်း လုပ်ငန်းရှင်တချို့က ရှမ်းနီအသံကို ပြောဆိုခဲ့ဖူးပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်တဲ့ စက်သုံးဆီတွေသည် မုံရွာမြို့နယ် ၊ ကျွန်းလှ ၊ ပင်လည်ဘူး ၊ ဖောင်းပြင်မြို့တွေက ဝင်ရောက်တာလည်းဖြစ်ပါတယ်။
စက်သုံးဆီ တစ်ပေပါ (၁)သိန်းကျပ် အပြင် သယ်ယူရေးခရီးလမ်းတလျှောက် အခြားသော အမည်မသိ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အခွန်ကောက်ခံမှု ၊ စစ်ကောင်စီနယ်မြေတွင်းက စစ်ဆေးရေးဂိတ်တွေမှာ အခွန်ပေးဆောင်ရမှုတွေကြောင့် ဟုမ္မလင်းမြို့နယ်တွင်း စက်သုံးဆီဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းအားလုံးနီးပါးက အခြားမြို့တွေထက် (၂)ဆနီးနီး မြင့်တက်လာနေတာတွေလဲ ရှိနေပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရွှေလုပ်ငန်းကို အဓိကလုပ်ကိုင်မှုများကြောင့် စက်သုံးဆီ လိုအပ်ချက်မြင့်မားပြီး စက်သုံးဆီဂါလံ ထောင်နှင့်ချီ နေ့စဉ်အသုံးပြုနေရတာလည်းဖြစ်ပါတယ်။