ဟုမ္မလင်းမြို့နယ် ဟဲခမ်းကျေးရွာအုပ်စုအတွင်း စပါးဧက ရာနှင့်ချီ ရေနစ်မြှုပ်နေ 

နိုဝင်ဘာ ၁၈ ၊  ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် ဟဲခမ်းကျေးရွာအုပ်စုအတွင်းမှာ စိုက်ပျိုးထားတဲ့ မိုးစပါးတွေဟာ ကောက်ရိတ်သိမ်းချိန်ရောက်ပေမယ့် စပါးဧကရာနှင့်ချီ နှစ်မြှုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ 

ထိုနှစ်မြုပ်ရတဲ့အကြောင်းအရင်းက ဟဲခမ်းကျေးရွာအုပ်စုတစ်ခုလုံးရဲ့ ရေထွက်ဗဟိုချက်မဖြစ်တဲ့  ရေနှုတ်မြောင်းကို လုပ်ငန်းရှင်တွေ ရွှေမျှောတွေအတွက် ပိတ်ဆို့လိုက်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရေနှုတ်မြောင်းပိတ်ဆို့တယ်ဆိုတာ ရှင်းပါတယ် ။ဒီမှာက မျှောလုပ်တယ်၊ ရေဖောင်တွေကို ရေရှိမှ ဖောင်ရှိတာ ရွှေဆက်တူးလို့ရတာ ၊ ရေမရှိရင် လုပ်ငန်းရှင်တွေက ဆက်တူးလို့မရဘူး အဲ့တာကြောင့် ဒီတာပေါင်ကို ပိတ်ရတာဖြစ်တယ်လို့မြင်ပါတယ်။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။ 

ဧက တစ်ထောင်ကျော်ရှိတဲ့ ဟဲခင်းကျေးရွာအုပ်စုပိုင် လယ်ကွင်းတွေအတွင်း ရွှေမျှောတူးဖော်ရာမှာ ရေလိုအပ်မှုတွေကြောင့် ရေထွက်ပေါက်ကို လုပ်ငန်းရှင်တွေက ပိတ်ဆို့ခဲ့ပြီး ရေထုတွေမြင့်တက်လာခဲ့ပါတယ်။ 

ဒီလိုရေထုမြင့်တက်လာတာကြောင့် စိုက်ပျိုးထားတဲ့ မိုးစပါးရေနှစ်မြှုပ်ပျက်စီးတဲ့အပြင်   ဆောင်းသီးနှံဖြစ်တဲ့ မြေပဲ တွေကိုလည်း စိုက်ပျိုးလို့မရနိုင်တော့ဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။ 

ရေနှုတ်မြောင်းတာ လက်ရှိအတိုင်း ဆက်လက်ပိတ်ထားပြီး ရွှေမျှောများ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် စိုက်ပျိုးသီးနှံအတွေအပြင် လယ်ယာမြေတွေပါ ပျက်စီးသွားနိုင်တဲ့ အခြေအနေလို့ တောင်သူတွေက ပြောပါတယ်။ 

မျှောမြီးရေတွေကြောင့် ပျက်စီးဆုံးရှုံးမှုတော်တော်များနေပါပြီ သုံးပုံတစ်ပုံခွဲလိုက်ပျက်စီးသွားခဲ့ပြီး ရေနှုတ်မြောင်းပိတ်ဆို့မှုကြောင့် ကျွန်တော်တို့အတွက် တစ်ဝက်ကတော့ သေချာသေးတယ်။ ရေနှုတ်မြောင်းများတွေလည်း ဒီအတိုင်းသာ ဆက်ပိတ်သွားမယ်ဆိုရင် နောင်နှစ်နောင်နှစ်တွေမှာလည်း ဒေသခံတွေဆီမှာရှိတဲ့ လယ်ယာမိုးမြေအကုန်လုံးပျက်စီးဆုံးရှုံးပြီးတော့မှ က ဘာဆက်ဖြစ်မလဲဆိုတော့ ဟိုးအထက်ဘက်က  ဥရုချောင်းကမ်းဘေးမောင်းနေတဲ့ ရွှေမျှောတွေကနေ ကျောက်ခဲသလဲမျှောမီးခုံတွေကြီးပဲဖြစ်သွားမှာ ၊ ကျွန်တော်တို့တွေ ကြိုပြီးတော့မှ မြင်ယောင်နေတယ်”​လို့ ရေနစ်မြှုပ်နေတဲ့ လယ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 

ထိုသို့ ရွှေမျှောတူးဖော်ရာဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ လယ်ယာပျက်စီးမှုတွေကို  တားဆီးပေးဖို့ နဲ့ ကူညီဆောင်ရွက်ပေးဖို့  ရှမ်းနီအမျိုးသားများတပ်မတော် ( SNA ) ကိုတောင်းဆိုတယ်လို့လည်း သူတို့တွေက ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ လယ်ယာလုပ်ငန်းကို ယခင်က လုပ်ကိုင်ခဲ့ကြသော်လည်း ရွှေတူးဖော်မှုတွေကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့တာ ဆယ်စုနှစ်သုံးခုထက်မက ရှိနေပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *