မတ် ၁၂ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် နောင်ပူအောင်စံပြကျေးရွာက သန်းကုဋေဓာတ်ဆီဆိုင်ပိုင်ရှင် မတ်လ ၈ ရက်နေ့မှာ သေနတ်နဲ့ လုပ်ကြံခံရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အဲ့ဦးလေးက ဆိုင်မှာတော့အမြဲမလာဘူး ၊ ဆီထည့်သလိုလိုဘာလိုလိုနဲ့ လာပစ်သွားတယ်ပြောတယ်။ လည်ပင်းကိုမှန်တာ ဒါပေမယ့်မသေဘူးလို့ပြောတယ်။ အခုတော့နေပြည်တော်ရောက်သွားပြီပြောတယ်။ လည်ပင်းရိုးမှာစိုက်နေတယ်ပြောတယ်။ သူမသေဘူးဆိုတော့ ဒါဘယ်သူလုပ်သလဲဆိုတာ ပေါ်မယ်လို့ထင်တယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပြပါတယ်။
သူ့ကိုလုပ်ကြံသွားသူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိတဲ့အကြောင်းလည်း မကြားမိသေးဘူးလို့ ပြောဆိုကြပါတယ်။
၎င်းက အနေအေးသူတစ်ယောက်ဖြစ်ပြီးတော့ ရွှေမျှောလုပ်ငန်း ၊ ကုန်စုံဆိုင်လုပ်ငန်းတွေ နဲ့ ဓာတ်ဆီဆိုင်တည်ထောင်ထားသူဖြစ်တယ်လို့ဆိုပါတယ်။
သူက တခြားလူမှုရေး ၊ နိုင်ငံရေးကိစ္စတွေမှာ ကင်းရှင်းသူတစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။
အဲ့နေ့တစ်ရက်တည်းမှာပဲ ခေါက်ငိုးကျေးရွာမှာလည်း မိသားစုတစ်ခု သေနတ်နဲ့အပစ်သတ်ခံရကြောင်း သိရပါတယ်။
အသတ်ခံလိုက်ရတဲ့မိသားစုတွေက စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမှပြောင်းရွေ့လာသူတွေဖြစ်တယ်လို့ ပြောဆိုကြပေမယ့် သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှမ်းနီအသံက စုံစမ်းနေဆဲဖြစ်ပါတယ်။
အသတ်ခံလိုက်ရတဲ့ မိသားစုထဲမှာ ကလေးငယ်တစ်ဦးပါဝင်ပြီး ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကို ထုတ်ဖော်ပြောဆိုထားခြင်းလည်းမတွေ့ရသေးပါဘူး။