![](https://www.shannivoice.com/wp-content/uploads/2023/07/ဟုမ္မလင်းမြို့-.jpg)
ဒီဇင်ဘာ ၁၁ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်း လိုအပ်တဲ့ ကုန်စည်များအားလုံးကို လေကြောင်းလိုင်းများဖြင့်သာ သယ်ယူနေရခြင်းကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေတယ်လို့ စုံစမ်းသိရပါတယ်။
“ ဆန်တို့ဆီတို့ကထက်ဝက်လောက်တက်သွားတာ၊ကြက်ဉတို့ကွမ်းရွက်တို့ဆိုတာကလည်းအဝင်မရှိဘူးလေယာဉ်နဲ့ပဲဝင်တော့တာ၊ဓာတ်ဆီကလည်းဖောင်းပြင်၊ပင်လည်ဘူး အဲ့ဘက်ကနေအဝင်မရှိတော့ဒီဘက်ကလူကဒုက္ခရောက်တာပေါ့ “ လို့ဟုမ္မလင်းဒေသခံတစ်ဦးကပြောပါတယ်။
လေကြောင်းလိုင်းများဖြင့် ကုန်ပစ္စည်းသယ်ယူနေရခြင်းကြောင့် ကား ၊ စက်လှေများဖြင့် သယ်ယူမှုထက် နှစ်ဆနီးပါး စျေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်က ကုန်စည်တွေကို ယခင်က ချင်းတွင်းမြစ်ကြောင်း နှင့် ကောလင်း၊ ပင်လည်ဘူးဒေသများဘက်က ကားလမ်းဖြင့် သယ်ယူခဲ့ရပေမယ့် လက်ရှိ တိုက်ပွဲများကြောင့် ထိုလမ်းနှစ်ခုလုံး အသုံးပြုလို့မရတော့ကြောင်း စုံစမ်းသိရပါတယ်။
“ဝက်သားကသုံးသောင်းနှစ်ထောင်နှုန်း၊အခြေခံစားကုန်ခရမ်းချဉ်သီးကတစ်ပိဿာတစ်သောင်းခွဲ၊ကွမ်းရွက်တွေကတစ်ဆယ်သားငါးထောင်ဆိုတော့၊ဆားကအစတက်တာပေါ့လေ” လို့ဒေသခံတစ်ဦးကကုန်စျေးနှုန်းအခြေအနေကိုပြောပြပါတယ်။
ဒါ့အပြင် ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ ကားလမ်း နှင့် ရေကြောင်းလမ်းများမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များက မကြာခဏတိုက်ပွဲဖြစ်ပြီး လမ်းပိုင်းများလည်း ပိတ်ထားရတာလည်းဖြစ်ပါတယ်။
ကုန်စျေးနှုန်းများကြီးမြင့်လာမှုတွေကြောင့် တခြားသော ဆက်စပ်လုပ်ငန်းများအားလုံးလည်း စျေးကြီးမြင့်လာခြင်းတွေကြောင့် ဒေသခံများ အခက်အခဲ ပိုကြုံတွေ့နေရတယ်လို့ ပြောဆိုနေကြပါတယ်။