ဟုမ္မလင်းမြို့ရှိ လက်ဖက်တောင်သူများ လက်ဖက်ဈေးကွက်ပျောက်ဆုံးနေမှုများနှင့်ကြုံနေရ

လက်ဖက်စိုက်ခင်းတစ်ခုအားတွေ့ရစဉ် (Shanni Voice)

April 26 / Homalinn

စစ်ကိုင်းတိုင်းဒေသကြီးတွင် Covid 19 ကြောင့်သွားလာမှုကန့်သတ်ထားပြီးနောက်ပိုင်း လက်ဖက်ဈေးကွက်များလည်း ပျောက်ဆုံးသည်ဟု လက်ဖက်စိုက်တောင်သူအများစုက ပြောကြားသည်။ 

“ အခုက လမ်းပန်းဆက်သွယ်ရေးကအကုန်ပိတ်ထားတော့ လက်ဖက်လက်လုပ်လက်စားတွေကလည်းမရောင်းရ။ အခင်းပိုင်ရှင်တွေကလည်း မရောင်းရဆိုတဲ့ အခါကျတော့ တော်တော်လေးကြပ်တည်းသွားတယ်” ဟု မောင်းခမ်းကျေးရွာမှ လက်ဖက်ရောင်းဝယ်သူ မနန်းမြင့်က ရှမ်းနီအသံကိုပြောသည်။ 

ဟုမ္မလင်းမြို့ မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်း ဧက တစ်ထောင်ကျော်ရှိပြီး လူဦးရေအများစု လက်ဖက်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

 ဟုမ္မလင်းမြို့မှ ထွက်သည့် လက်ဖက်များကို ခန္တီးမြို့၊ ဖောင်းပြင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ချင်းတွင်းမြစ်တစ်လျောက်ရှိမြို့များ နှင့် မုံရွာမြို့ ပွဲရုံများသို့ ပေးပို့ရောင်းဝယ်မှုများပြုလုပ်ကြသည်။ 

“ ဒီရောဂါကြောင့်တော့ သိပ်ပြီးပြောင်းလဲတာတော့မရှိဘူး။ ဒါပေမယ့် မနှစ်ကလောက်မရဘူး။ မနှစ်ကထက် ငါးရာကျတယ်” လက်ဖက်စိုက်တောင်သူ ဦီးစံရှည်က ပြောကြားသည်။ လက်ဖက်ဈေးနှုန်းများသည် လတ်တလောတွင် လက်ဖက်အစို (၁ဝဝဝ)ကျပ် နှင့် လက်ဖက်ခြောက် (၃၅ဝဝ မှ ၄ဝဝဝ) ကျပ်ဖြင့် ရောင်းဝယ်မှုပြုလုပ်နေကြသည်။

 “ မနှစ်တုန်းက ဒီအချိန်ဟာ ၄၀၀၀ ဈေးမကျသေးဘူး. အခုကြားဖောက်ဝယ်တဲ့သူတွေက ၃၀၀၀ ဈေးနဲ့ ဝယ်ကြတယ်” ဟု မနန်းမြင့်က ဆက်ပြောသည်။ 

ဟုမ္မလင်းမြို့တွင် မောင်းခမ်းကျေးရွာ ၊ ကောယားကျေးရွာနှင့် ခေါင်ခမ်းကျေးရွာတို့တွင် လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းအဓိကထားလုပ်ကိုင်ကြသည်။ 

ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ပျိုးသည့်ကျေးရွာပေါင်း ၃၃ ရွာရှိပြီး စိုက်ဧက ၈၈၉၄ ဧက ရှိကာ တောင်သူ ၂ဝ၈၂ ဦးကြောင်းသိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ကုန်စည်စီးဆင်းရေးအတွက် ကုန်တင်ကားများကို သွားလာခွင့်ပြုထားသော်လည်း တချို့သောကုန်စည်များရောင်းဝယ်မှုရပ်တန့်နေကြောင်း ဟုမ္မလင်းဒေသခံများထံမှသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *